အရပ်သားသေဆုံးမှု များလာနေသည့်အပေါ် အထူးစိုးရိမ်ဟု ရုရှားအစိုးရပြောကြား

158

အရပ်သားသေဆုံးမှု များလာနေသည့်အပေါ် အထူးစိုးရိမ်ဟု ရုရှားအစိုးရပြောကြား
————————————————–
(၂၉-၃-၂၀၂၁)

မြန်မာနိုင်ငံမှာ အရပ်သားသေဆုံးမှုစာရင်း တိုးလာနေမှုအပေါ် အထူးစိုးရိမ်တယ်လို့ ရုရှားအစိုးရပြောခွင့်ရသူ Dmitry Peskov က ဒီနေ့ သတင်းထောက်တွေကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ တရက်တည်းနဲ့ လူ ၁၀၀ ကျော် အသတ်ခံရတဲ့နေ့၊ အာဏာသိမ်းစစ်ကောင်စီကကျင်းပခဲ့တဲ့ တပ်မတော်နေ့အခမ်းအနားကို ရုရှား ကာကွယ်ရေးဒုဝန်ကြီး Alexander Fomin နဲ့အဖွဲ့ တက်ရောက်ပြီး ပြန်အလာမှာ ရုရှားက အခုလို ထုတ်ပြောလာတာပါ။

မြန်မာနိုင်ငံဆီ ဝန်ကြီးသွားရောက်လယ်ပတ်တာရှိပေမယ့် လက်ရှိဖြစ်စဉ်အပေါ် ရုရှားရဲ့ ရပ်တည်ချက်ကို ဘာသာပြန်မလွဲသင့်ဘူးလို့လည်း ပြောခွင့်ရသူက ဆိုပါတယ်။

“အရပ်သား သေဆုံးမှုစာရင်း တိုးလာနေတဲ့အပေါ် ကျနော်တို့အထူးစိုးရိမ်ပါတယ်။ ဒါဟာ တကယ့်စိုးရိမ်ဖွယ်အနေအထားပါ။ မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေကို ကျနော်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်” လို့ ကရင်မလင်ပြောခွင့်ရသူ Dmitry Peskov ကပြောပါတယ်။

ကာကွယ်ရေး ဒုဝန်ကြီး ကိုယ်တိုင် ဘာကြောင့်မြန်မာနိုင်ငံဆီသွားခဲ့တာလဲဆိုပြီး မေးတဲ့အခါမှာတော့…

“ကျနော်တို့ဟာ မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင်တဲ့ဆက်ဆံရေး ကာလရှည်ကြာစွာရှိနေခဲ့တယ်ဆိုတာကို ခင်ဗျားတို့သိပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာတိုးတက်ရေး ဖက်ကနေ ကြည့်စေချင်ပါတယ်။ ဒါပေမယ့် ဒီလိုလယ်ပတ်ခြင်းက မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဆိုးဝါးတဲ့သတ်ဖြတ်မှုတွေကို ကျနော်တို့က ခွင့်ပြုချက်ပေးတဲ့ သင်္ကေတမဟုတ်ဘူးဆိုတာတော့ ပြောချင်ပါတယ်” လို့ ပြောခွင့်ရသူက သူတိုရဲ့ ရပ်တည်ချက်ကို ရှင်းပြပါတယ်။

၂၇ ရက်နေ့ကကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားကို ရုရှားတနိုင်ငံကပဲ ဝန်ကြီးအဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကိုစေလွှတ်ခဲ့ပြီး တရုတ်အပါဝင် အခြား အိမ်နီးချင်း ၇ နိုင်ငံကတော့ ကိုယ်စားလှယ်အဆင့်သာစေလွှတ်ခဲ့ပါတယ်။ အမေရိကန်အပါဝင် အနောက်နိုင်ငံတွေကတော့ အဲဒီအခမ်းအနားကို တက်ရောက်ခြင်းမရှိပါဘူး။

ရုရှားနဲ့ မြန်မာကြားမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ရင်းနှီးတဲ့စစ်ဖက်ဆက်ဆံရေး ရှိနေခဲ့ပြီး ထောင်နဲ့ချီတဲ့ မြန်မာစစ်သားတွေကို ရုရှားမှာ ပညာသင်ခွင့်ပေးတာ၊ စစ်သင်တန်းပေးတာတွေ ဆောင်ရွက်နေတဲ့အပြင် စစ်လက်နက်ပစ္စည်းတွေလည်း ရောင်းချတာ၊ ကူညီတာတွေရှိနေခဲ့တယ်လိုသိရပါတယ်။

ဝေဖန်သူတွေကတော့ ရုရှားရဲ့ အဲဒီလိုစစ်ဖက်အကူအညီပေးမှုတွေ၊ အခုလို တပ်မတော် နေ့အခမ်းအနားကိုတက်ပြီး အားပေးခဲ့တာတွေဟာ စစ်ကောင်စီက အကြမ်းဖက် လူသတ်တာကို အားပေးအားမြှောက်ပြုသလိုဖြစ်စေခဲ့တယ်လို့ ထောက်ပြထားပါတယ်။

Source: Reuters/BNN
Photo: AP

LEAVE A REPLY

Please enter your comment!
Please enter your name here