CDM ပြုလုပ်သူများကို အသွင်ပြောင်းစုံစမ်းဖော်ထုတ်နေတဲ့ ထွေအုပ်ဝန်ထမ်း(၆)ဦး ပျောက်ဆုံးနေ

340

CDM ပြုလုပ်နေသော ဝန်ထမ်းများကိုစုံစမ်းဖော်ထုတ်ရန် စေလွှတ်ထားခြင်းခံရသော ထွေအုပ်ဝန်ထမ်း(၆)ဦး ပျောက်ဆုံးလျက်ရှိနေသည်မှာ (၅) ရက်ခန့်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင်ရှိသောစစ်ကောင်စီ၏အထွေထွေအုပ်ချုပ်ရေးရုံးမှ စစ်တပ်ထောက်ခံအားပေးသော ရုံးဝန်ထမ်း(၆)ဦးတို့ကို

CDM ဝင်မည့်ဝန်ထမ်းများအသွင်ပြောင်းစေ၍ နိုင်ငံ့ဝန်ထမ်းများခိုလှုံနေသည့် ကျေးရွာများဘက်သို့ သွားရောက်စုံစမ်းစေခဲ့ရာတွင်

သတင်းပြန်မရသည်မှာ ၅ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့၏မိသားစုဝင်များထံမှ သိရသည်။

မြဝတီခရိုင်စစ်ကောင်စီအထွေထွေအုပ်ချုပ်ရေးရုံးက ခရိုင်မှူးဦးတေဇာအောင်၏ စေခိုင်းချက်အရ

ရုံးဝန်ထမ်းများဖြစ်သော ဦးသန့်ဇော်ဝင်း၊ ဦးမြင့်ကျော်၊ ဦးလွင်မောင်မောင်၊ မောင်မျိုးဦး၊ ကိုကျော်သူဟန်နှင့် ကိုအောင်ဆက်ပိုင်တို့ (၆)ဦးသည်

မြဝတီခရိုင်အတွင်းကျေးရွာများနှင့် အပစ်ရပ်ကျေးရွာနေရာများသို့ CDM ဝင်မည့်ဝန်ထမ်းများအဖြစ် အသွင်ပြောင်းကာ စုံစမ်းဖော်ထုတ်ခဲ့ရာ၌

အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်ကြောင့် ခရိုင်မှူး ဦးတေဇာအောင်ကို မြဝတီမြို့ပေါ်ဌာနဆိုင်ရာအဖွဲ့အစည်းများကဆင့်ခေါ်၍

ဒေသတွင်းသတင်းပေးများနှင့် ပူးပေါင်းကာစုံစမ်းရှာဖွေလျက်ရှိပြီး CDM ပြုလုပ်ဆန့်ကျင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအား

ဖမ်းဆီးအရေးယူနိုင်ရေးနှင့် မြဝတီခရိုင်အဆင့် ဌာနဆိုင်ရာရုံးလုပ်ငန်းများပြန်လည်ဖော်ဆောင်နိုင်ရေးအတွက်

အောက်ခြေဌာနဆိုင်ရာတာဝန်ရှိသူများအပေါ် ဖိအားပေးခိုင်းစေနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“အခုမြဝတီမှာ ဝန်ထမ်းတွေရာချီပြီး CDM လုပ်နေတာကြောင့် ဌာနတွေမှာရုံးလုပ်ငန်းတွေ မလည်ပတ် နိုင်တော့ပါဘူး။

စစ်အာဏာရှင်လက်အောက်မှာဆက်နေပြီး ရုံးတက်နေသူတွေလည်း CDM လုပ်တဲ့ ဝန်ထမ်းဌာနစိတ်တွေရဲ့ အလုပ်တွေကိုမလုပ်တတ်ကြပါဘူး။

အဲဒါကြောင့် ရုံးဝန်ထမ်းအချင်းချင်း CDM လုပ်မယ့် အယောင်ဆောင်စုံစမ်းဖမ်းဆီးဖို့ စေလွှတ်တဲ့အခါမှာ

ဒီဘက်ကလက်နက်ကိုင်နယ်မြေတွေဆိုတော့ ဘယ်ရွာဘက်မှာ အဆက်အသွယ်ပြတ်ပြီး

ဘာဖြစ်နေပြီလဲဆိုတာ ကျွန်မတို့မသိတော့ဘူး ဖြစ်နေတယ်” ဟု CDM ပြုလုပ်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမြဝတီခရိုင် ကျေးနယ်များတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၂ ဦးနှင့်

ကျေးရွာပြည်သူစစ်တစ်ဦးတို့မှာ အမည်မသိလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးဖြစ်စဉ်များရှိခဲ့ပြီး

ယခု CDM အသွင်ယူစုံစမ်းသည့် စစ်ကာင်စီထောက်ခံသူထွေအုပ်ဝန်ထမ်း ၆ ဦး မှာလည်း

မည်သည့်နေရာတွင် ပျောက်ဆုံးနေခြင်းကိုမူ မသိရှိရသေးကြောင်း မြဝတီမြို့ဝန်ထမ်းများပြော စကားအရသိရသည်။

အကုန်သိ

LEAVE A REPLY

Please enter your comment!
Please enter your name here