နိုဝင်ဘာ ၈ ရက်နေ့ ရုံးချိန်းမှာ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုခဲ့

117

နိုဝင်ဘာ ၈ ရက်နေ့ရုံးချိန်းကြားနာစစ်ဆေးမှုမှာ NLD ပါတီရဲ့ နာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့က နေပြည်တော်ရှိ အထူးတရားရုံးမှာ ပြုလုပ်ခဲ့သည့် ရုံးချိန်းကြားနာစစ်ဆေးမှုမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ထားသည့် သဘာဝဘေးအမှုအတွက် ဦးဝင်းထိန်က သက်သေထွက်ဆိုခဲ့တာဖြစ်ပါတယ်။

သဘာဘေးအမှုနဲ့စပ်လျဉ်းပြီး စွဲချက်တင်ထားသည့်အပေါ် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ခံပြသက်သေအနေနဲ့ NLD ပါတီနာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က လာရောက်သက်သေထွက်ဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။

ယခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့စပ်လျဉ်းပြီး ထုတ်ဖော်ပြောဆိုခွင့်မပြုရန် တရားလွှတ်တော်ရှေ့နေများအနေနဲ့ တားမြစ်ခံထားရသည့်အတွက် ဦးဝင်းထိန် သက်သေထွက်ဆိုချက် အသေးစိတ်ကိုတော့ မသိရှိရပါ။

ယမန်နေ့ရုံးချိန်းမှာ ဦးဝင်းထိန်ကို ခံပြသက်သေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘာဝဘေးအမှုအတွက် တရားရုံးမှာ သက်သေစာရင်း တင်သွင်းခဲ့ပြီးနောက်မှာ ယခုကဲ့သို့ လာရောက်သက်သေထွက်ဆိုခဲ့တာပါ။

NLD ပါတီရဲ့ နာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ ၁၂၄(က)ဖြင့် ထောင်ဒဏ် ၂၀နှစ်အထိ ချမှတ်ခံထားရတာလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here