မြစ်ငယ် မီးရထား အရာရှိတဦး ပစ်သတ်ခံရ

167

အောက်တိုဘာလ ၅၊ ၂၀၂၁မန္တလေးတိုင်း၊ မြစ်ငယ် မီးရထားစက်ရုံမှ လျှပ်စစ် လက် ထောက်အင်ဂျင်နီယာ ဦးစံထွန်းမြိုင် ဆိုသူမှာ ယနေ့ မနက် ၇ နာရီ ၄၀ မိနစ်ခန့်က သေနတ်ဖြင့် သုံးချက် ပစ် ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံ တဦးက ပြော သည်။

ဒေသခံများနှင့် မီးရထားဝန်ထမ်းအချို့၏ ပြောပြချက်အရ သေဆုံးသူမှာ အာဏာသိမ်း စစ်ကောင်စီနှင့် ပူး ပေါင်းကာ မြစ်ငယ်မီးရထားစက်ရုံမှ ပြည်သူ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဝန်ထမ်းများအား ခြိမ်းခြောက်လေ့ရှိသူတဦး ဖြစ်ကြောင်း သိရ သည်။ ယနေ့တွင် ၎င်းသည် မြစ်ငယ်မြို့မဈေးမှ ဈေးဝယ်အပြီး နှင်းဆီလမ်းအတိုင်း သာယာအေးဘက်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ပစ်ခတ်ခံရပြီးနောက် ဦးစံထွန်းမြိုင်အား နန်းတွင်းစစ် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း တနာရီခန့်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။၎င်းပစ်ခတ်ခံရပြီး သေဆုံးမှုနှင့် ပတ်သက်၍ အခြားသော မီးရထား အရာရှိများနှင့် အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် သတိပေးလိုကြောင်း မန္တလေးအခြေစိုက် ပြောက်ကျား လူငယ်တပ်ဖွဲ့ တခုက ပြောကြားထားသည်။

မန္တလေးတိုင်း၊ မြစ်ငယ်မြို့ လူစီးတွဲနှင့် ကုန်တွဲစက်ရုံမှ မီးရထားဝန်ထမ်းများမှာ CDM လှုပ်ရှားမှုတွင် တက် တက်ကြွကြွ ပါဝင်ခဲ့ကြပြီး ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်နေ့က စက်ရုံအထွေထွေ မန်နေဂျာဖြစ်သူက CDM တွင် ပါဝင်သည့် ဝန်ထမ်း ၁ ထောင်ကျော်အား ရာထူးမှ ထုတ် ပယ်ကြောင်း စာထုတ်၍ ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here