ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးအသက်ပေးခဲ့ကြတဲ့ အပြစ်မဲ့ပြည်သူပေါင်း ၁၃၀၀ ကျော် ကို ဂုဏ်ပြုကြောင်း အမေရိကန်သံရုံးထုတ်ပြန်

68

ဒီကနေ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ နိုင်ငံတွင်း လူ့အခွင့်အရေးကိုလေးစာလိုက်နာရေးနဲ့ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့မြန်မာပြည်သူလူထုနဲ့ ကြိုးပမ်းအားထုတ်ရင်း အသက်ပေးခဲ့ကြတဲ့ အပြစ်မဲ့ပြည်သူပေါင်း ၁၃၀၀ ကျော် ကို ဂုဏ်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင်ရဲ့ကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကသတင်းထုတ်ပြန်ပါတယ်။

ဖိနှိပ်ချိုးဖောက်ခံရမှုတွေအတွက် တရားမျှတမှုနဲ့တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားဖို့ကိုလည်းအမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်‌ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုပြန်လည်ဖော်ဆောင်ဖို့ စစ်အာဏာရှင်ကိုတောင်းဆိုကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ အစိုးရသစ်တစ်ရပ်ရွေးကောက်တင်မြှောက်ဖို့အတွက် လွန်ခဲ့သောတစ်နှစ်က ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အဲဒီရွေးကောက်ပွဲဟာ ရတက်ပွားစရာအချို့ရှိခဲ့ပေမယ့် အများကယုံကြည်လက်ခံပြီး ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုသန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ လေ့လာစောင့်ကြည့်သူများက အစီရင်ခံခဲ့ကြတယ်လို့လည်းဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ရဲ့အာဏာသိမ်းမှုက ဒီမိုကရေစီအတွက်ထားရှိတဲ့ မြန်မာပြည်သူလူထုရဲ့ ကတိကဝတ်ကိုဖယ်ရှားရန်ကြိုးပမ်းခဲ့ပြီး အများလက်ခံယုံကြည်တဲ့ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။စစ်တပ်ရဲ့ နောက်ဆက်တွဲလုပ်ဆောင်နေတဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေက လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို ပိုမိုထိပါးနှောက်ယှက်နေခဲ့ပြီး မြန်မာပြည်သူလူထုက ပြတ်သားစွာတောင်းဆိုနေတဲ့ စစ်မှန်သော ဒီမိုကရေစီစနစ်တစ်ရပ်နဲ့ ဆယ်စုနှစ်တစ်ခုစာတိုးတက်မှုတွေကို နောက်ကြောင်းပြန်လှည့်စေခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here