ရှေးခေတ်က တီထွင်လိုက်တဲ့ ကိုးရိုးကားရားနိုင်တဲ့ အရာများ

79

၂၀ ရာစုကတော့ ဆန်းသစ်တဲ့ တီထွင်မှုပေါင်းစုံနဲ့ ပြည့်နက်နေပြီး တီဗီ၊ ကွန်ပျူတာ နဲ့ လေယာဉ်ပျံတွေက လူသားတွေအတွက် အဓိက အရေးပါတဲ့ တီထွင်မှုတွေပဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သမိုင်းမှာ အသုံးမဝင်ခဲ့တဲ့ တီထွင်မှုတွေလည်း ရှိခဲ့သလားလို့ မေးလာခဲ့ရင် တကယ်တော့ အများကြီးရှိခဲ့ပါတယ်။ တချို့တီထွင်မှုတွေကဆိုရင် ကိုးရိုးကားရားနိုင်ပေမယ့်လည်း တီထွင်ခဲ့သူတွေအနေနဲ့ အဲ့လိုအရာတွေကနေ သင်ခန်းစာယူပြီး အဲ့ထက်ပိုကောင်းတဲ့အရာတွေကို တီထွင်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ ရှေးခေတ်က လူတွေ တီထွင်လိုက်တဲ့ ကိုးရိုးကားရားနိုင်တဲ့ အရာတွေကို ဖော်ပြပေးသွားပါမယ်။

1. အနှောက်အယှက်ကင်းစေတဲ့ ဦးထုပ် (the isolator)

အလုပ်မှာ အာရုံစိုက်ဖို့ ခက်ပြီး အနှောက်အယှက်အရမ်းများနေတယ်ဆိုရင်တော့ Isolator (အိုင်ဆိုလိတ်တာ) လို့ခေါ်တဲ့ ဒီဦးထုတ်လေးကို ဆောင်းထားလို့ရပါတယ်နော်။ ဒီဦးထုပ်ကိုတော့ ၁၉၂၅ ခုနှစ်က Hugo Gernsback(ဟူဂို ဂျားစ်ဘတ်) က တီထွင်ထားတာဖြစ်ပါတယ်။ ဒီပစ္စည်းက သစ်သားနဲ့ လုပ်ထားပြီးတော့ အပြင်အသံရဲ့ နှောက်ယှက်မှုကို ၉၅% ထိလျော့ချပေးတယ်လို့ဆိုပါတယ်။ နောက်ပြီး ရှေ့က အပေါက် သေးသေးလေး နှစ်ပေါက်တည်း ဖောက်ပေးထားတာကြောင့် ဘေးပတ်ဝန်းကျင်က အခြားသူတွေ ဘာတွေလုပ်နေတယ်ဆိုတာ မမြင်ရတဲ့အတွက် အနှောက်အယှက်ကင်းစွာပဲ အလုပ်လုပ်နိုင်ပါပဲဖြစ်ပါတယ်။

လေလုံအောင်လုပ်ထားတဲ့ ဒီဦးထုပ်ကိုတော့ အောက်စီဂျင်ပေးထားဖို့တော့ လိုပါတယ်နော်။ အရမ်းဆန်းသစ်ပြီး ကြောင်တောင်တောင်နိုင်တဲ့ တီထွင်မှုပါပဲ။ ဦးထုပ်ဆောင်းထားတဲ့သူအတွက် အနှောက်အယှက်မရှိပေမယ့် သူ့ဘေးမှာ ထိုင်ပြီး အလုပ်လုပ်ရမယ့်သူအတွက်တော့ အနှောက်အယှက်ဖြစ်စေမှာ သေချာပါတယ်။

2. မျက်နာရှေ့မှာဆောင်းရတဲ့ ကတော့ချွန်ဦးထုပ် (Blizzard cones)

ဒါကတော့ မျက်နာရှေ့တည့်တည့်မှာ ဆောင်းရတဲ့ ပလပ်စတစ်အကြည့်နဲ့လုပ်ထားတဲ့ ကတော့ချွန်ပုံစံ ဦးထုပ်ပေးပဲဖြစ်ပါတယ်။ ရေစိုခံ မျက်တောင်ခြယ်ဆေးတွေ မပေါ်ခင်တုန်းက အရင်ခေတ်က မိန်းကလေးတွေအနေနဲ့ အဲ့လို အရာတွေကို ဝတ်ဆင်ပြီး သူတို့ရဲ့ မျက်တောင်လေးတွေ အလှမပျက်အောင် ထိန်းသိမ်းကြရတာပဲဖြစ်ပါတယ်။ အဲ့ဒီဦးထုပ်က မျက်တောင်ခြယ်ဆေးမှမဟုတ်ပါဘူး .. မိတ်ကပ်တွေကိုလည်း မိုးရွာတဲ့အခါကျရင် မပျက်သွားတောင် ကာကွယ်ပေးပါတယ်။

3. မျက်နှာအလှတိုင်းတာတဲ့ ကိရိယာ (Beauty micrometer)

ဒီအလှအပတိုင်းတဲ့ ကိရိယာကတော့ အလှအပတိုင်းတာနဲ့မတူပဲ ညှမ်းပန်းနှိပ်စက်တဲ့အရာနဲ့တူနေပါတယ်။ Hell Raiser (ဟဲ လွေစာ) ဇာတ်ကားထဲက အရာနဲ့တော်တော်ကို တူနေတဲ့ ဒီအရာကို ၁၉၃၀ ဝန်းကျင်က Max Factor (မက်စ် ဖတ်တာ) ဆိုတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးက တီထွင်ထားပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ လူတစ်ယောက်ရဲ့ မျက်နာကို အသေးစိတ်အတိအကျတိုင်းတာပြီး မိတ်ကပ်နဲ့ လိုအပ်တဲ့နေရာတွေကို လိုက်ပြုပြင်တာပဲဖြစ်ပါတယ်။

အဲ့တီထွင်မှုက ရုပ်ရှင်လောကအတွက် အဓိကရည်ရွယ်ထုတ်လုပ်တာဖြစ်ပြီး အထူးသဖြင့် မျက်နာကို ချဲ့ပြီးရိုက်ရတဲ့ ရိုက်ကွက်မျိုးတွေမှာ မင်းသားမင်းသမီးတို့ရဲ့ မျက်နာချို့ယွင်းချက်တွေမပေါ်အောင် ဒီကိရိယာနဲ့ တိုင်းပြီး မိတ်ကပ်နဲ့ ပြင်ဆင်ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီ ကိရိယာဟာ နာမည်ကြီးမလာပဲ တစ်ကမ္ဘာလုံးမှာ တစ်ခုပဲ ထုတ်လုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။

4. ရေဒီယို ဦးထုပ် (Radio hat)

ခုခေတ်မှာတော့ သီချင်းလည်းနားထောင်ချင်တယ်၊ ဇာတ်ကားလည်းကြည့်ချင်တယ်၊ သတင်းလည်းဖတ်ချင်တယ်ဆိုရင်တော့ ကျွန်မတို့ ကိုင်နေတဲ့ ဖုန်းတွေကို အသုံးပြုလို့ရနေပါပြီ။ စမတ်ဖုန်းတွေက စွယ်စုံလည်းသုံးလို့ရပြီး လူတွေအတွက် အရမ်းကို အဆင်ပြေလှပါတယ်။ ဒါပေမယ့်လည်း အရင်ခေတ်တွေတုန်းက စမတ်ဖုန်းတွေ မရှိသေးတာကြောင့် ခုခေတ်လို စွယ်စုံသုံးရချင်တယ်ဆိုရင်တော့ ရေဒီယိုဦးထုပ်ကို သုံးလို့ရပါတယ်။ စာအုပ်ဖတ်ရင်း ရေဒီယို ဒါမှမဟုတ် သီချင်းကို တစ်ပြိုင်နက်တည်း နားထောင်လို့ရအောင် ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။

5. အလစ်သုတ်သမားရန်မှ ကာကွယ်ပေးမယ့်အိတ် (anti -thef bag)

အရင်ခေတ်တွေတုန်းကလည်း သူခိုးတွေကလည်း ခိုးနည်းမျိုးစုံနဲ့ ခိုးကြတာပါပဲ။ ဒါကြောင့် တီထွင်သူ John Rinfret (ဂျွန် လင်းဖရတ်) က ၁၉၆၃ ခုနှစ်မှာ သူခိုးတွေအတွက် အခက်တွေ့စေမယ့် အိတ်ကို တီထွင်ခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သူခိုးက ပစ္စည်းအလစ်သုတ်လိုက်တဲ့အချိန်မှာ အိတ်ထဲမှာ ရှိတဲ့အရာတွေအကုန်လုံးကို အပြင်ကို ထွက်ကျလာအောင် ဖန်တီးထားတာပဲဖြစ်ပါတယ်။ ဒါဆို လူမသိ သူမသိအောင် မြန်မြန်ဆန်ဆန် ခိုးယူမယ့်သူခိုးတွေအတွက်တော့ ဒါဟာ ပြသနာပါပဲ။ ဒီတီထွင်မှုကတော့ ကြောင်တောင်တောင်နိုင်တယ်လို့ ပြောရပါမယ်။

ဘာလို့လဲဆိုတော့ အိတ်တစ်ခါ ဖွင့်ပိတ်တိုင်း ဒီထောင်ချောင်ကို ဆင်နေရတာနဲ့ကို အလုပ်ရှုပ်လှပါပြီ။ နောက်ပြီး ပစ္စည်းရဲ့ ရည်ရွယ်ချက်က သဘာဝကျပေမယ့် ပစ္စည်းတွေထွက်ကျလာရင် ပြန်ရှင်းရမှာက အလုပ်ပိုများစေပါတယ်။

6. ရှေးခေတ် အသက်ကယ် အင်္ကျီ

တီထွင်မှုဆိုတာကလည်း အရင်တီထွင်ခဲ့တဲ့အရာတွေကို အကြိမ်ကြိမ်ပြန်လည်ပြင်ဆင်လာရင်းနဲ့မှ သုံးလို့ အဆင်ပြေဆုံးအရာတစ်ခု ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ အဲ့လိုပဲ ပရိတ်သတ်တို့ ခုခေတ်မှာ သုံးနေကြတဲ့ အသက်ကယ် အင်္ကျီဆိုတာကလည်း အရင်ခေတ်တွေတုန်းက ခုလို ကြောင်တောင်တောင် ပုံစံတွေကနေ ဆင်းသက်လာခဲ့တာပဲဖြစ်ပါတယ်။ အထင်တော့ မသေးလိုက်ပါနဲ့နော်။ ဒါတွေကလည်း အရင်ခါက အရမ်းခေတ်စားခဲ့တဲ့ အသက်ကယ် အင်္ကျီတွေပဲဖြစ်ပါတယ်။

7. ကျည်ဆံ ပုံစံ ဘရာစီယာ

ကျည်ဆံပရာစီယာလို့ကြားလိုက်တာနဲ့ အန္တရာယ်ရှိတယ်လို့တော့ မထင်လိုက်ပါနဲ့။ တကယ်တော့ ကတော့ပုံစံ ချွန်ချွန်ဖြစ်နေတဲ့ ဘရာစီယာကို ခေါ်တာပဲဖြစ်ပါတယ်။ ခုခေတ်မှာတော့ အဲ့လိုဘရာစီယာတွေ မြင်ဖို့က ရှားသွားပါပြီ။ ဒါပေမယ့် ၁၉၄၀ ကနေ ၁၉၅၀ ဝန်းကျင်လောက်ကတော့ အရမ်းခေတ်စားခဲ့ပါတယ်။ ဟောလိဝုတ် မင်းသမီးတွေက ဒီလိုချွန်နေတဲ့ ဘရာစီယာတွေကို sweater (ဆွယ်တာ) အကြပ်တွေနဲ့ ဝတ်လာရင်းကနေ ဒီလို ဘရာစီယာတွေက ခေတ်စားလာတာပဲဖြစ်ပါတယ်။

အဆိုတော် မက်ဒေါနားတောင် ဝတ်ခဲ့ပါသေးတယ်။ ဒီလိုချွန်ထက်နေတဲ့ ဘရာစီယာဟာ မျက်လုံးနဲ့ မတော်တဆထိမိရင် တကယ်ကန်းသွားစေနိုင်ပါတယ်။ နောက်ပြီး ဝတ်တဲ့ မိန်းကလေးတွေလည်း အသက်ရူရတာ သက်သောင့်သက်တာ ရှိမယ်လို့တော့ မထင်ပါဘူး။ ဒါပေမယ့်လည်း အရင်ခေတ်တွေတုန်းက အဲ့ဒါက ဆွဲဆောင်မှုတစ်ခုလို ဖြစ်ခဲ့ပါတယ်။

8. မိသားစု စက်ဘီး (Goofy bike)

ဒီစက်ဘီးကိုတော့ မြင်လိုက်တာနဲ့ ဘာကြီးလဲဆိုပြီးတော့ ကြောင်တောင်တောင်ဖြစ်သွားနိုင်ပါတယ်။ တီထွင်ခဲ့တဲ့သူက အဲ့ဒါကို မိသားစု စက်ဘီးလို့ နာမည်ပေးထားပြီး သင်တို့ထင်ထားသလို စက်ဘီးက တစ်နေရာကနေ တစ်နေရာကို ရွေ့မှာတော့ မဟုတ်ပါဘူး။ အဓိက ရည်ရွယ်ချက်ကတော့ ပျော်ပွဲစားထွက်သလိုမျိုး မိသားစုလိုက် အတူတကွ အချိန်ဖြုန်းဖို့အတွက် တီထွင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိသားစုလိုက် အချိန်တူတူဖြုန်းရုံမှတစ်ပါး အဲ့ဒီစက်ဘီးက အခြားနေရာမှာ အသုံးမဝင်ခဲ့ပါဘူး။

9. နောက်ကျောကို ဆေးကြောဖို့ မှန် (back washing mirror)

ဒီတစ်ခုကတော့ အလှအပကြိုက်ပြီး သန့်သန့်ရှင်းရှင်းနေချင်သူတွေအတွက် အရင်ခေတ်တွေတုန်းက တီထွင်ထားတာပဲဖြစ်ပါတယ်။ သူက မှန်နှစ်ခုပါပြီးတော့ နောက်ကျောကို သေချာကြည့်ပြီး ဆေးကြောနိုင်အောင် တီထွင်ပေးထားတာပဲဖြစ်ပါတယ်။ နောက်ကျောကို ဆေးပါတယ်ဆိုမှ ဘာလို ကြည့်ဖို့ လိုနေအုံးမှာလဲနော်။ ဒီတိုင်း လက်နဲ့ ပွတ်ဆေးလိုက်လို့လည်း ရနေတဲ့ဟာကို။ ပရိသတ်တို့ကော ဘယ်လိုထင်လဲ။ အဲ့ဒီအရာက အသုံးဝင်မယ်လို့ ထင်လား။

10. ကြွက်ထောင်ချောက် သေနတ်

ဒီလိုမျိုးကြွက်ထောင်ချောက်ကတော့ နည်းနည်းတော့ ရက်စက်ရာကျတယ်လို့ ထင်ပါတယ်။ ၁၈၈၂ ခုနှစ်က James Willaim တီထွင်ခဲ့တဲ့ ဒီကြွက်ထောင်ချောက် ပစ်စတို သေနတ်ကတော့ ကြွက်ရန်ကို ရှင်းဖို့အတွက် အသေအချာလုပ်ထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင်မတွေက ဒီလို ပစ်စတိုသေနတ်ပါတဲ့ ထောင်ချောက်ကို မီးဖိုချောင်ထဲမှာ ထားထားရမှာကို စိတ်မချတာကြောင့် ဒီပစ္စည်းက ထင်ထားသလောက် အသုံးမဝင်ခဲ့ပါဘူး။

11. အိပ်ရင်းဖတ်တဲ့ မျက်မှန်

အရင်ခေတ်ခါတုန်းက လူတွေက ကုတင်ပေါ်မှာ ထိုင်ပြီးစာဖတ်တာတို့ ခေါင်းအုံးကို မြင့်အောင်လုပ်ပြီး စာဖတ်တာတို့ထက် ဒီလိုမျက်မှန်ကို တပ်ပြီးဖတ်တာကတော့ အပျင်းထူကြတယ်လို့ပဲပြောရမလား။ ဟန်းဘလင်းလို့ခေါ်တဲ့ အိပ်ရင်းဖတ်လို့ရတဲ့ မျက်မှန်ကို ၁၉၃၆ ခုနှစ်လောက်က တီထွင်ခဲ့တယ်လို့ သိရပါတယ်။

12. မော်တာတပ်ထားတဲ့ စကိတ်

ဒီစကိတ်ကတော့ နောက်ကျောမှာ အင်ဂျင်ကို လွယ်ထားပြီး မောင်းရတဲ့ စကိတ်မျိုးပဲဖြစ်ပါတယ်။ လက်မှာတော့ အရှိန်တိုး မြင့်လို့ရတဲ့ ခလုတ်ကလေး ပါရှိပါတယ်။ ဒီစကတ်က တစ်နာရီ အမြန်နှုန်း ၁၇ မိုင်ထိမောင်းနှင်နိုင်ပြီး မိုင် ၃၀ ထိကို မရပ်မနားပဲ မောင်းနိုင်တယ်လို့ သိရပါတယ်။ သူက ကားတွေ ဆိုင်ကယ်တွေလိုမဟုတ် စကိတ်ဆိုတော့ တစ်နာရီ ၁၇ မိုင်နှုန်းထိမောင်းနေတုန်း ခလုတ်တိုက်မိရင်တော့ မတွေးဝင့်စရာပါပဲနော်။

နောက်ပြီး အဲ့ထက်ဆိုးတာက နောက်ကျောမှာလွယ်ထားရတဲ့ အင်ဂျင်အလေးချိန်က ဓာတ်ဆီအပါအဝင် ၁၉ ပေါင်လောက်လေးပြီး ရပ်တဲ့ခလုတ်လည်း မပါပါဘူး။ ၁၉၆၀ ဝန်းကျင်လောက်က ထွက်ပေါ်လာတဲ့ ဒီစကိတ်ရဲ့ ရောင်းဈေးက ဒေါ်လာ ၂၅၀ လောက်ရှိပါတယ်။ ခုခေတ်ဈေးနဲ့တွက်ကြည့်မယ်ဆိုရင် ဒေါ်လာ ၂၅၀၀ လောက်ရှိနေပါပြီ။ ဒါကြောင့် ဈေးကြီးတာရယ် အမြန်မောင်းမယ်ဆို အန္တရာယ်ရှိတာရယ်တို့ကြောင့် ဒီစကိတ်ဟာ လက်တွေ့မှာ အသုံးမဝင်ခဲ့ပါဘူး။

13. မော်တာတပ်ထားတဲ့ ရေလွှာရှောစီးဘုတ်ပြား

ဒါကတော့ ဆေးလိပ်လေးသောက် ဦးထုပ်လေးဆောင်း gentleman အင်္ကျီဝတ်ပြီး ရေလွှာလျောစီးဘုတ်ပြား စ်ီးနေတာပဲဖြစ်ပါတယ်။ ဒီလူကတော့ ၁၉၄၈ လောက်က မော်တာတပ်ဘုတ်ပြားကို တီထွင်ခဲ့တဲ့ Joe Gilpin (ဂျိုး ဂင်းပင်) ပဲဖြစ်ပါတယ်။ ဒီဘုတ်ပြားက ပင်လယ်ရေလှိုင်းကြီးတွေမှာ စီးမယ်ဆိုရင် ဘယ်လိုဖြစ်မယ်ဆိုတာ သေချာမသိပေမယ့် ငြိမ်သတ်နေနဲ့ ရေပြင်ပေါ်မှာဆိုရင်တော့ ကောင်းကောင်းစီးနိုင်ပါတယ်။ ဂျိုး လက်ကကိုင်ထားတဲ့ တုတ်ချောင်းကတော့ အရှိန်အနှေးအမြန်ကို ထိန်းညှိတဲ့ တုတ်တံပါပဲ။ ရေကူးဝတ်စုံနဲ့ ခပ်လန်းလန်းကောင်မလေးတွေ တက်မစီးပြပဲ Gentlemen ဝတ်စုံနဲ့သူ တက်စီးပြခဲ့တာကြောင့်လည်း ဒိဘုတ်ပြားက ရောင်းမထွက်ခဲ့ပဲ မအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။

14. သယ်သွားသယ်လာလုပ်လို့ရတဲ့ ဆော်နာ

ဆော်နာဆိုတာကလည်း အပူချိန်မြင့်ထားတဲ့ ချွေးထုတ်ခန်းထဲ ဝင်ပြီးတော့ ခန္ဓာကိုယ် ကြွက်သားတွေကို ဖြေလျော့ပေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အဲ့လို ဆောနာလို ပုံစံမျိုး ရဖို့ကို အရင်ခေတ်တွေတုန်းက အိတ်ထုပ်ကြီး အကြီးကြီးထဲ ဝင်ပြီးတော့ ဇိမ်ခံကြရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုကောင်းတာက အဲ့ဒီအိတ်ထုပ်ကြီးကို သယ်သွားသယ်လာ လုပ်လို့ရတာကြောင့် ကိုယ့်အိပ်ခန်းထဲမှာ အေးဆေး အနားယူနေချင်လို့လည်း ရပါတယ်။

15. ကလေးနဲ့ တူတူစကိတ်းစီးဖို့ တီထွင်ထားတဲ့ ပစ္စည်

ဒီပစ္စည်းကို တီထွင်လိုက်တဲ့သူကတော့ ကြည့်ရတာ ကလေးတွေကို မုန်းနေပုံပေါ်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးကို မိဘနှစ်ယောက်ကြားမှာ လွယ်ပြီးတော့ ရေခဲပြင်စကိတ်စီးလို့ရအောင် ဖန်တီးပေးထားတာဖြစ်လို့ ဘယ်လို အတွေးအခေါ်နဲ့များ တီထွင်လိုက်တာလဲနော်။ အခက်မသင့်လို့များ တစ်ယောက်ယောက်က ချော်လဲသွားရင် ကလေးအနေနဲ့ မာကျောတဲ့ ရေခဲပြင်ပေါ် ပြုတ်ကျသွားနိုင်တာကို သူတို့အနေနဲ့ စဉ်းစားမိခဲ့သင့်ပါတယ်။

16. အိမ်ပြင်ထုတ်ထားတဲ့ ကလေးလောင်အိမ်

ဒီတစ်ခုကလည်း အပေါ်ကလိုပဲ ကလေးတွေရဲ့ လုံခြုံရေးကို ဦးစားပေး စဉ်းစားထားပုံ မပေါ်ပါဘူး။ ၁၉၃၀ ဝန်းကျင်လောက်က ခုလိုမျိုး အိမ်ပြင်ထုတ်ထားတဲ့ ကလေးလောင်အိမ်တွေက အင်္ဂလိပ်မိသားစုတွေကြားမှာ ခေတ်စားခဲ့ပါတယ်။ ခုလို အန္တရာယ်အရမ်းများတဲ့ လောင်အိမ်တွေကို အရင်ခေတ်က မိဘတွေက ကလေးတွေအတွက် လေကောင်းလေသန့်ရစေတယ်လို့ မှတ်ယူထားကြပါတယ်။ မယုံနိုင်စရာပါပဲနော်။ အရင်ခေတ်က မိဘတွေက ဘယ်လိုများတွေးခေါ်ကြသလဲဆိုတာ စဉ်းစားစရာပါပဲ။

17. အဆီချပေးတဲ့ စက်

ခုမြင်နေရတဲ့ စက်ကတော့ တစ်လိမ့်တုံးတွေနဲ့ လည်နေတဲ့ စက်ဖြစ်ပြီး သင်တို့အနေနဲ့ အဆီချချင်တဲ့ နေရာတစ်ဝိုက်ကို အဲ့ဒီစက်နဲ့ လျော့ချပေးဖို့ တီထွင်လိုက်တာပဲဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ခန္ဓာကိုယ်က အဆီကို ချပေးဖို့ပဲဖြစ်ပါတယ်။ တကယ် အသုံးဝင်မဝင်တော့ မသိပေမယ့် အဲ့ဒီစက်ပစ္စည်းက ကြည့်ရတာနဲ့တင် ကိုးရိုးကားရားနိုင်တယ်လို့ မထင်မိကြဘူးလားနော်။

ခုပြောပြသွားတာတွေကတော့ အရင်ခေတ်တွေတုန်းက တီထွင်ခဲ့ကြတဲ့ ကိုးရိုးကားရားနိုင်တဲ့ ပစ္စည်းတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်တစ်ခုက အဆိုးဆုံးဖြစ်မလဲဆိုတာကိုလည်း ပြောသွားကြပါအုံး။

Credit-Shwenyanshin

LEAVE A REPLY

Please enter your comment!
Please enter your name here