ဖေ့စ်ဘွတ်ခ်က အသုံးပြုသူတွေရဲ့ ဘေးကင်းလုံခြုံရေးထက် ကုမ္ပဏီအကျိုးအမြတ်ကို ပိုမို ဦးစားပေးထားဟု ဝန်ထမ်း‌ဟောင်း ပြော

86

နာမည်ကျော် ဆိုရှယ်မီဒီယာကုမ္ပဏီ ဖေ့စ်ဘွတ်ခ်ဟာ အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး ဘေးကင်းလုံခြုံမှုပိုင်းထက် ယင်းရဲ့ အကျိုးအမြတ်ပိုင်းကို ပိုမို ဦးစားပေးထားခဲ့တယ်ဆိုပြီး အဆိုပါ ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတစ်ဦးက အောက်တိုဘာ ၅ ရက်မှာ အမေရိကန် လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။ဖေ့စ်ဘွတ်ခ်ရဲ့ အတွင်းရေးကို ဖွင့်ချသူဖြစ်တဲ့ ကုမ္ပဏီဝန်ထမ်းဟောင်း ဖရန့်စ် ဟောင်ဂင်က ပြောကြားရာမှာ ဖေ့ဘွတ်ခ်ကြောင့် လူ့အသိုင်းအဝိုင်းကြားမှာ သဘောကွဲလွဲမှုတွေ ဖြစ်စေသလို ကလေးသူငယ်တွေကိုလည်း ထိခိုက်စေတာကြောင့် ယင်းအခြေအနေအပေါ် အမြန်ဆုံး ကိုင်တွယ်ထိန်းသိမ်းသွားဖို့ လိုနေတယ်လို့ ပြောခဲ့ပါတယ်။

၎င်းရဲ့ ပြောဆိုချက်နဲ့အတူ ကွန်ဂရက်ကလည်း ဖေ့စ်ဘွတ်ခ်အပေါ် အရေးယူထိန်းသိမ်းမှုတွေ လုပ်သွားမယ်ဆိုပြီး ကတိပြုမှုတွေ ရှိလာခဲ့ပါတယ်။ဖေ့စ်ဘွတ်ခ် ဝန်ထမ်းဟောင်း ဟောင်ဂင်က ခုလိုမျိုး အမေရိကန်လွှတ်တော်မှာ လာရောက်ထွက်ဆိုပြောကြားခဲ့မှုတွေကြောင့် ဖေ့စ်ဘွတ်ခ်အတွက်‌တော့ အကြီးလေးဆုံး အကျပ်အတည်းတစ်ခုကို ပေါ်ပေါက်စေခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ကုမ္ပဏီ စီအီးအို မာခ့် ဇက်ကာဘာ့ဂ်က ငြင်းချက် ပြန်ထုတ်ထားပြီး ဟောင်ဂင် စွပ်စွဲသလိုမျိုး ကုမ္ပဏီက ဘေးကင်းလုံခြုံမှုပိုင်းထက် အကျိုးအမြတ်ကို ပိုဦးစားပေးတယ် ဆိုတာက “လုံးဝ မမှန်ဘူး” ဆိုပြီး ပြန်တုံ့ပြန်ထားပါတယ်။ဟောင်ဂင်ဟာ ယခုလို အမေရိကန်လွှတ်တော်မှာ လာရောက် ထွက်ဆိုမှု မတိုင်မီ သူမဟာ ဖေ့စ်ဘွတ်ခ်ရဲ့ အတွင်းရေးနဲ့ ဆိုင်တဲ့ စာရွက်စာတမ်း အစုစုကို အာဏာပိုင်တွေနဲ့ ဝေါစထရိ ဂျာနယ်တို့ဆီလည်း ပို့ဆောင်ထားခဲ့တယ်လို့ သိရပါတယ်။“ဖေ့စ်ဘွတ်ခ်ရဲ့ ထုတ်ကုန်တွေဟာ ကလေးငယ်တွေကို ထိခိုက်စေတာ၊ သဘောထားကွဲလွဲမှုတွေ ဖြစ်စေတာ၊ ကျွန်မတို့ရဲ့ ဒီမိုကရေစီကို အားနည်းစေတာတို့ကို ဖြစ်စေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်” လို့ ဟောင်ဂင်က ဆိနိတ်လွှတ်တော် အမတ်အဖွဲ့တစ်ဖွဲ့ကို ပြောခဲ့ပါတယ်။

“ကွန်ဂရက်လွှတ်တော်ဆိုင်ရာ ကိုင်တွယ် လုပ်ဆောင်ချက် လိုအပ်ပါတယ်၊ လူကြီးမင်းတို့ရဲ့ အကူအညီ မပါဘဲ ဒီ ပြဿနာကို သူတို့ ဖြေရှင်းမှာမဟုတ်ပါဘူး” လို့လည်း သူမက ပြောပါတယ်။ဖေ့စ်ဘွတ်ခ်လူမှုမီဒီယာကုမ္ပဏီရဲ့ ပလက်ဖောင်းတွေကြောင့် အသုံးပြုသူတွေထဲမှာ စားသောက်မှု ပုံစံမမှန်တော့မှု၊ မိမိခန္ဓာကိုယ်ကို မနှစ်မြို့မှုနဲ့ မိမိဘာသာ စိတ်ကျေနပ်မှု မရှိမှု စတဲ့ စိတ်ခံစားရမှုတွေကို ဖြစ်စေပြီး ဒါတွေဟာ အထူးသဖြင့် လူငယ်တွေအတွက် အင်မတန် အန္တရာယ်ရှိတယ်ဆိုပြီး သူမက မှတ်ချက်ပြုသွားခဲ့ပါတယ်။

တစ်ဘက်မှာတော့ ဖေ့စ်ဘွတ်ခ် စီအီးအိုက ကုမ္ပဏီဝန်ထမ်းတွေဆီ လိပ်မူ ရေးသားတဲ့ စာထဲမှာ အထက်ပါ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး ကုမ္ပဏီဟာ အသုံးပြုသူတွေကို ဒေါသထွက်စေတဲ့ အကြောင်းအရာတွေကို အားပေးနေတယ် ဆိုတဲ့ ပြောကြားချက်ဟာ ဘယ်လိုမှ ယုတ္တိမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဇက်ကာဘာ့ဂ်က ၎င်းဟာ ဖေ့ဘွတ်ခ် နဲ့ ကလေးငယ်တွေနဲ့ ပတ်သက်သမျှကို အထူး အာရုံစိုက် အလေးထားလုပ်ထားခဲ့သလို စိတ်သောက ဖြစ်နေခဲ့တဲ့ လူငယ်တွေကို ကူညီဖို့ ကုမ္ပဏီက လုပ်ထားခဲ့တဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ ဂုဏ်ယူတယ်လို့လည်း ပြောခဲ့ပါတယ်။တချိန်တည်းမှာလည်းပဲ ဟောင်ဂင်ရဲ့ ပြောဆိုချက်တွေအပေါ် လွှတ်တော်အမတ်တစ်ချို့က သဘောတူလက်ခံခဲ့ပါတယ်။

“မာ့ခ် ဇက်ကာဘာ့ဂ်ကို ပြောချင်တာရှိပါတယ်၊ ခင်ဗျား ကျွန်တော်တို့ရဲ့ ကိုယ်ရေးလုံခြုံမှုကို ထိပါးနေတာ၊ အဆိပ်အတောက်ဖြစ်စေတဲ့ အကြောင်းအရာတွေကို အားပေးနေတာ၊ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို ထိခိုက်စေနေတာတွေကို အဆုံးသတ်သွားရပါလိမ့်မယ်၊ ကွန်ဂရက်အနေနဲ့ အရေးယူသွားမှာ ဖြစ်တယ်၊ ခင်ဗျားရဲ့ ကုမ္ပဏီက ကျွန်တော်တို့ရဲ့ ကလေးတွေ၊ မိသားစုတွေနဲ့ ဒီမိုကရေစီကို ထိခိုက်စေတာမျိုးကို ကျွန်တော်တို့ ခွင့်ပြုသွားတော့မှာ မဟုတ်ဘူး” ဆိုပြီး ဆိနိတ်တာ အက်ဒ် မာ့ကီးက ပြောသွားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here