တော်ဝင်အစဉ်အလာထည်ဝါမှုတွေမပါပဲ အရပ်သားချစ်သူနဲ့ ရိုးရိုးရှင်းရှင်း လက်ထပ်ထိမ်းမြားခဲ့တဲ့ ဂျပန်တော်ဝင်မင်းသမီး မာကို

183

ဂျပန်တော်ဝင်မင်းသမီးလေး မာကိုဟာ တော်ဝင်မဟုတ်တဲ့ အရပ်သားချစ်သူ ကီကို မူရိုနဲ့ လက်ထပ် ထိမ်းမြား ခဲ့တယ်လို့ သိရပါတယ်။ဒါဟာ တော်ဝင်မိသားစုကနေထွက်ခွာကြောင်း တရားဝင်အမှတ်အသားပြုတဲ့ အခမ်း အနားတစ်ခုကို ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့ကအောက်တိုဘာလ ၂၆ ရက်နေ့ အင်္ဂါနေ့မှာ မာကိုတို့ စုံတွဲဟာ ဒေသစံတော်ချိန် မနက်ခင်း ၁၀ နာရီ ဝန်းကျင် ပြည်နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာ သူတို့ရဲ့ လက်ထပ်မှတ်ပုံတင်စာရင်းသွင်းခဲ့ကြတယ်လို့ အင်ပီရီရယ် ဟောက်စ်ဟိုးလ် အေဂျင်စီရဲ့ သတင်းအရသိရပြီး ဒါဟာ တော်ဝင်မင်္ဂလာပွဲအများစုရဲ့ ထုံးစမ်းအ တိုင်းကျင်းပတဲ့ ခမ်းနားထည်ဝါမှုတွေ မပါဝင်ခဲ့တဲ့ အရိုးရှင်းဆုံး မင်္ဂလာပွဲလဲဖြစ်ပါတယ်။

“ ကျွန်မအတွက်တော့ ကီဟာ အရမ်းကို အရေးကြီးပြီး မရှိမဖြစ် ဖြစ်တည်မှုတစ်ခုပါ။ ဒီကနေ့အထိ ကျွန်မရဲ့ ခံစားချက်တွေ ဖွင့်ပြဖို့ အခွင့်အရေးက အကန့်အသတ်တွေပဲ ရှိတော့တယ်။ အဲ့ဒါကြောင့် နားလည်မှု လွဲတာ တွေလည်း ရှိခဲ့ပါတယ်။ တစ်ဖက်သတ် ထင်ကြေးပေးမှုတွေလည်း ရှိခဲ့တယ်။ ဒါတွေ ဖြစ်လာမှာကိုလည်း ကြောက်ခဲ့သလို စိတ်မကောင်းလည်း ဖြစ်ရပါတယ်” လို့ မာကိုက ဆိုပါတယ်။

တော်ဝင်မင်းသမီးလေး မာကိုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အကျော်လေးကမှ အသက် ၃၀ ပြည့်ခဲ့ပြီး လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက သူမရဲ့ ချစ်သူ အမျိုးသား ကိုမူရိုနဲ့ စေ့စပ်ကြောင်လမ်းခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

သို့ပေမယ့် လည်း သူတို့ရဲ့ ပေါင်းစည်းခြင်းဟာ တော်ဝင်မင်းသမီး မာကိုရဲ့ ခင်ပွန်းသည်ဖြစ်လာမယ့် အမျိုးသားရဲ့ မိခင်နဲ့ ပတ်သက်တဲ့ ငွေကြေးအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီးတော့ နှစ်ပေါင်းများစွာ အငြင်းပွားမှုတွေ၊ လူအများရဲ့ သဘောမတူမှု၊ တင်းမာမှုတွေနဲ့ ရင်ဆိုင်လာခဲ့ရတာလည်း ဖြစ်ပါတယ်။

“ ကျွန်တော် မစ္စ မာကိုကို ချစ်တယ်။ ဒါက တစ်ဘဝလုံးမှာ တစ်ကြိမ်ပါပဲ။ ကျွန်တော်ချစ်တဲ့သူနဲ့ ကျွန်တော် ပျော်ရမယ့်ဘဝမှာပဲ အချိန်ကုန်ဆုံး သွားချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော် မာကိုကို နွေးနွေးထွေး ထွေးကြင်နာပြီး မိသားစုဘဝကို တည်ဆောက်သွားမယ်။ ပျော်တဲ့အချိန်ကော မပျော်တဲ့ အချိန်တွေကော သူမ ကို ကျွန်တော်တတ်နိုင်သမျှ အားပေးသွားမှာပါ။ ကျွန်တော်တို့က တစ်ယောက်နဲ့ တစ်ယောက် မရှိမဖြစ် လိုအပ် ကြတဲ့ သူတွေပါပဲ” လို့ မာကိုရဲ့ ခင်ပွန်းသည် ဖြစ်လာတဲ့ အမျိုးသား ကီကို မူရိုက ဆိုပါတယ်။အသစ်စက်စက် ဇနီးမောင်နှံတို့ဟာ ခင်ပွန်းသည် ကိုမူရိုရဲ့ ဥပဒေလုပ်ငန်းခွင်ရှိတဲ့ နယူးယောက်မြို့တော်မှာ ပြောင်းရွှေ့နေထိုင်သွားဖို့ မျှော်လင့်ရတယ်လို့လည်း သိရပါတယ်။

ဂျပန်မှာ တရားဥပဒေ သတ်မှတ်ထုတ်ပြန်ထားတဲ့ အတိုင်း ဂျပန်တော်ဝင်မိသားစုမျိုးနွယ်တွေထဲက တော်ဝင်အမျိုးသမီးတွေဟာ အရပ်သားနဲ့ လက်ထပ်ထိမ်းမြားမယ်ဆိုပါက သူတို့ရဲ့ တော်ဝင်မိသားစု အရိုက်အရာနဲ့ တော်ဝင်နန်းတော်ကနေလည်း ထွက်ခွာရတာမျိုးရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here