ဒီပဲယင်းမြို့နယ်မှာ ရဲဝန်ထမ်းတွေတိုက်ခိုက်ခံရလို့ ၂ ဦးသေ ၁ ဦး ဒဏ်ရာရ

140

ဒီပဲယင်းမြို့နယ်မှာ ရဲဝန်ထမ်းတွေတိုက်ခိုက်ခံရလို့ ၂ ဦးသေ ၁ ဦး ဒဏ်ရာရ

မတ် ၁၈ ၊ ၂၀၂၁KTG(VOM)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ဖုတ္ထန်းတောကျေးရွာအနီး ဒီပဲယင်း – မူးကမ်းသွားကားလမ်းပေါ်မှာ ဒီကနေ့ မတ် ၁၈. နေ့ခင်း ၂ နာရီက ရဲဝန်ထမ်းတွေ စီးနင်းလာတဲ့ကားကို လူစုလူဝေးက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် ရဲဝန်ထမ်း ၁ ဦး ဒဏ်ရာရပြီး ၂ ဦးမှာ နေရာတွင်သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ကို မြင်တွေ့ခဲ့ရတဲ့ ဒေသခံ တစ်ဦးက ” ရဲဝန်ထမ်းတွေ စီးလာတဲ့ အေဒီဘင်ကားကို လူ ၁ ရာလောက်က ပိတ်ဆို့တားတယ် “လို့ ပြောပါတယ်။

အဲ့ဒီ တားဆီးခြင်းခံရတဲ့ ကားပေါ်မှာ မူးကမ်းရဲစခန်းက ရဲအရာရှိ ၁ ဦးနဲ့ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး လိုက်ပါလာပြီး သူတို့ဟာ ဒီပဲယင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးကို တာဝန်နဲ့ သွားခဲ့ကြတာဖြစ်ပါတယ်။

” ရဲအရာရှိကတော့ ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေပါတယ်၊ ကျန်တဲ့ ရဲတပ်ဖွဲ့ ၂ ယောက်ကတော့ လူစုလူဝေးရဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့လို့ နေရာမှာတင် သေဆုံးသွားခဲ့တယ် “လို့ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ တစ်ယောက်ကပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်မှာ ဒဏ်ရာရ သေဆုံးသွားတဲ့ ရဲဝန်ထမ်းတွေ ကိုင်ဆောင်အသုံးပြုတဲ့ လက်နက်ငယ် (သေနတ်) ၃ လက်ဟာ ပျောက်ဆုံးနေတဲ့အတွက် ဒီကနေ့ ညနေမှာပဲ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါတဲ့ လုံခြုံရေး အဖွဲ့ဟာ အနီးနားက ကျေးရွာတွေမှာ ပိုက်စိပ်တိုက်ပြီး လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ၂ ရက်ကလည်း ကောလင်းမြို့နယ် ခံသာရဲကင်းစခန်းကို လူ ၃ ရာလောက်က ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ရဲဝန်ထမ်း ၁ ယောက် ဒဏ်ရာရ ၊ ၁ ယောက်ပျောက်ဆုံးကာ ၊ ၁ ယောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး သေနတ် ၁ လက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပုံစာ -စစ်ကိုင်းတိုင်းအတွင်း လုံခြုံရေး ရဲများကို မြင်တွေ့ရပုံ

LEAVE A REPLY

Please enter your comment!
Please enter your name here