အကြမ်းဖက်စစ်ကောင်စီ ရဟတ်ယာဉ်ကို K.I.A က ဘာလက်နက်နဲ့ ပစ်ချလိုက်သလဲ

195

အကြမ်းဖက်စစ်ကောင်စီ ရဟတ်ယာဉ်ကို K.I.A က ဘာလက်နက်နဲ့ ပစ်ချလိုက်သလဲ

ရန်ကုန်၊ မေ ၃

မေလ ၃ ရက် မနက် ၁၀ နာရီခွဲမှာ မိုးမောက်မြို့နယ်၊ ကုန်းလောရွာအနီးမှာ KIA မှ ပစ်ခတ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ပျက်ကျပြီး လေယာဉ်ပေါ်ပါသူ သုံးဦး သေဆုံးခဲ့သည်။

ပျက်ကျခဲ့သည့် ရဟတ်ယာဉ်မှာ Mi-35P အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် K.I.A မှ 12.7mm ကျည်ဆန်သုံး Type 85 AA အမျိုးအစား Heavy Machine Gun ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ DSA အပတ်စဉ် ၄၆ ဆင်း အရာရှိတစ်ဦးက ၄င်းရဲ့ လူမှုကွန်ရက်တွင် ရေးသားထားသည်။

K.I.A မှ ဗိုလ်မှူးကြီးနော်ဘူက K.I.A မှ ပစ်ချလိုက်သည်မှာ မှန်ကန်ကြောင်း အတည်ပြုထားပြီး မည်သည့်လက်နက် အသုံးပြုပြီး ပစ်ခတ်လိုက်ခြင်းကို ပြောဆိုခြင်းမရှိပါ။

အဆိုပါ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်သည် အမေရိကန်ဒေါ်လာ ၃၅ သန်းခန့် တန်ကြေးရှိပြီး အကြမ်းဖက်စစ်ကောင်စီတွင် ၁၀ စီးခန့် ရှိသည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် K.I.A မှ ယခုတစ်စီးအပါအဝင် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးကို ပစ်ချထားနိုင်ခဲ့သည်။

ရဟတ်ယာဉ်ပျက်ကျပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ကုန်းလောရွာတဝိုက်သို့ ပစ်ခတ်ခဲ့တာကြောင့် သံဃာတော်တစ်ပါး အပါအဝင် သုံးဦး သေဆုံးကာ ၁၀ ယောက်ခန့် ဒဏ်ရာရရှိခဲ့သည်။

မေလ ၃ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဗန်းမော်လေဆိပ်သို့ စစ်ရဟတ်ယာဉ် သုံးစီး ထပ်မံရောက်ရှိလာသည်ဟု ဗန်းမော်ဒေသခံ ကချင်သတင်းရင်းမြစ်က ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။ အလားတူ ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်ကူ စစ်သား ၆၀၀ ခန့် ရောက်ရှိနေသည်ဟု ဗန်းမော်ဒေသခံတွေက ပြောဆိုနေကြပေမယ့် ခေတ်သစ်သတင်းဌာနက သီးခြား အတည်မပြုနိုင်ပေ။

အလောဘွမ်တောင်ကုန်းစခန်းကို ၁၉၉၀ ဝန်းကျင်ကတည်းက အကြမ်းဖက်စစ်တပ်က သိမ်းယူထားပြီး ၂၀၂၁ ခုနှစ် မတ်လ အတွင်းမှာ K.I.A မှ ပြန်လည်တိုက်ခိုက် သိမ်းပိုက်ထားသည်။

အလောဘွမ်တောင်ကုန်းစခန်းသည် နှစ်ဖက်စလုံးအတွက် စစ်ရေးအရ မဟာဗျူဟာကျသည့် စခန်းဖြစ်တာကြောင့် စစ်ကောင်စီဘက်မှ စခန်းပြန်ရရေးအတွက် အင်အားအများအပြားသုံးကာ တိုက်ခိုက်နေခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here