အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ပြည်ကို လေယာဉ်နဲ့ ထွက်ခွာဟု သတင်းများထွက်ပေါ်

159

မင်းအောင်လှိုင် ဘယ်လမ်းရွေးမလဲ ?
လယ်ရီဂျေဂင်/ဘန်ကောက်ပို့စ်

နိုင်ငံတော်ရဲ့တရားဝင်ထူထောင်ထားတဲ့ ပြည်ထောင်စုအစိုးရကို လက်နက်ကိုင်ပုန်ကန်ပြီး နိုင်ငံတော်အာဏာကို ဥပဒေမဲ့ လုယူထားတဲ့ အာဏာလုစစ်ကောင်စီဟာ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လူမဆန်စွာ ရက်ရက်စက်စက် ပစ်သတ်ခဲ့လို့ အနည်းဆုံး ၂၃ယောက် ကျဆုံးသွားခဲ့ပါတယ်။ စနေ၊ တနင်္ဂနွေ နှစ်ရက်အတွင်း စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူပေါင်းကလည်း ထောင်နဲ့ချီရှိသွားပါပြီ။ ဒီနေ့ တနင်္ဂနွေနေ့ ပြည်လုံးကျွတ်သပိတ်ကြီးကို အင်အားသုံးဖြိုခွင်းဖို့အတွက် ရဲယူနီဖောင်းဝတ်ထားတဲ့ ရာဇဝတ်ကောင်တွေဟာ ပြီးခဲ့တဲ့ ၂ရက်လုံးလုံး ကြိုတင်လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။

“အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေတင်မကဘဲ ကျည်အစစ်တွေနဲ့ပါ လူအုပ်ကြီးထဲကို ပစ်ချတာ”လို့ သပိတ်မှောက်ကျောင်းသူ မစိုးစိုးက ပြောပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် ပြုမူပုံဟာ လူသားဆန်မှုကိုဆန့်ကျင်တဲ့ရာဇဝတ်မှုတွေဖြစ်လို့ ဒီလူတွေကို နိုင်ငံတကာခုံရုံးရှေ့မှောက်အရောက်ပို့ရမယ်လို့ ကုလသမဂ္ဂအထူးသံတမန်က ဆိုပါတယ်။ “”ကျနော်တို့တိုင်းပြည်ကို လက်နက်နဲ့မောင်ပိုင်စီးထားတဲ့ ဒီလူရမ်းကားတွေကို ရဲရဲရင့်ရင့် သတ္တိရှိရှိ တွန်းလှန်အာခံနေတဲ့ အပြစ်မဲ့လက်နက်မဲ့အရပ်သားတွေကို ကာကွယ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးယူရမယ့်အချိန်ရောက်လာပါပြီ”လို့ ဒေါက်တာဆာဆာက ပြောပါတယ်။

ဒေါက်တာဆာဆာဟာ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ခန့်အပ်တာဝန်ပေးခြင်းခံရသူ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ လာမယ့်အင်္ဂါနေ့မှာကျင်းပမယ့် နိုင်ငံခြားရေးဝန်ကြီးများအထူးအစည်းအဝေးမှာ မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ပျက်တဲ့အပြင် သွေးထွက်သံယိုရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို ဖယ်ကျဉ်ထားဖို့ ဒေါက်တာဆာဆာကပြောပါတယ်။

“အာဆီယံအနေနဲ့ ဒီစစ်တပ်နဲ့တွေ့ဆုံစကားပြောတာ လုံးဝမလုပ်သင့်ပါဘူး။ သူတို့ကို လက်ခံတာ၊ အသိအမှတ်ပြုတာ ဘာတစ်ခုမှ မလုပ်ဖို့လိုတယ်”လို့ ဒေါက်တာဆာဆာက ပြောပါတယ်။ အာဆီယံအနေနဲ့ သူတို့ချမှတ်ထားတဲ့စည်းကမ်းတွေ မလိုက်နာနိုင်ရင် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းလိုက်ဖို့ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်အနေနဲ့ တစ်ချိန်ကဗြိတိသျှကိုလိုနီလက်အောက်ခံဘဝတုန်းက ဓနသဟာယအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ထွက်သွားတာမျိုး၊ ထုတ်ပယ်လိုက်တာမျိုး အာဆီယံအနေနဲ့ လုပ်နိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့တွေက မိသားစုတစ်စု ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် တစ်ယောက်ယောက်က လွန်လွန်ကျူးကျူးတွေလုပ်လာရင်တော့ အပြစ်ပေးမှာပါ။ အပြစ်ပေးအရေးယူခြင်းကနေ ကင်းလွတ်ခွင့်ရနေတာမျိုးကို ခွင့်မပြုသင့်ပါဘူး။ ဒါ့ကြောင့် လက်တွေ့ကျကျအရေးယူဖို့လိုပါတယ်”လို့ ဒေါက်တာဆာဆာက အာဆီယံအဖွဲ့ဝင်နိုင်ငံက ခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ “မိသားစုဝင်တစ်ဦးဦး နေထိုင်မကောင်းဖြစ်တာမျိုးဆိုရင် မိသားစုတစ်စုလုံး ထိခိုက်ပါတယ်”လို့ ထောက်ပြခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး သီတင်း ၄ပတ်ကြာတဲ့အခါ လက်ရှိအနေအထားဟာ လက်နက်ကိုင်လူရမ်းကားတွေနဲ့ လက်နက်မဲ့ပြည်သူတွေကြား ထိပ်တိုက်တိုးမှုတွေက ပိုပြီးပြင်းထန်တင်းမာလာတဲ့ အချိုးအကွေ့တစ်ခုကို ရောက်သွားခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပြင်းထန်တဲ့ ရှုတ်ချမှုတွေ လုပ်နေပေမယ့် မြန်မာပြည်သူတွေအတွက် ဒီလောက်နဲ့တော့ မကျေနပ်နိုင်ဘူးဖြစ်နေပါတယ်။ “လူတွေက သေနတ်နဲ့ပစ်သတ်ခံနေရတယ်။ ကျမတို့ တအားပဲစိတ်ဆိုးတယ်။ ဒေါသလည်းထွက်တယ်။ ကုလသမဂ္ဂက တစ်ခုခုအရေးယူနိုင်ဖို့ ကျမတို့လူဘယ်နှစ်ယောက်လောက် သေပေးရမှာလဲ”လို့ ရန်ကုန်က ဘွဲ့ရအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

တစ်နိုင်ငံလုံးအနှံ့ ဖမ်းဆီးခံထားရသူပေါင်းက တစ်ထောင်ကျော်ရှိနေပြီး ဒီစနေ၊ တနင်္ဂနွေမှာပဲ ဖမ်းခံရသူပေါင်းက ၂ထောင်ကျော်ရှိနေပါတယ်။ လက်ရှိ မြန်မာစစ်တပ်ပြုမူနေတာဟာ ၁၉၈၈ခုနှစ် အာဏာသိမ်းပြီးတဲ့အချိန်တုန်းကလိုပဲ ဥပဒေနဲ့လုပ်နေတာမဟုတ်ဘဲ အမိန့်နဲ့လုပ်နေတာဖြစ်လို့ အာဏာသိမ်းစစ်ကောင်စီအတွက် တရားဝင်မှုရဖို့ဆိုတာ ပိုလိုတောင် ဝေလာဝေးဖြစ်သွားပါတယ်။ သြစတြေးလျနိုင်ငံက ရှေ့နေတစ်ဦးလည်းဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဂျနဲလ် ဆာဖင်က မြန်မာနိုင်ငံမှာ လွှတ်တော်နဲ့ ဥပဒေဆိုင်ရာကို ၁၀နှစ်လောက် အကြံပေးနေတဲ့သူဖြစ်ပါတယ်။ သူပြောတာက “အမိန့်နဲ့အုပ်ချုပ်နေတာပါ။ ဖွဲ့စည်းပုံနဲ့ပိုလို့တောင် ဆန့်ကျင်နေပါတယ်”လို့ ဆိုပါတယ်။

“ရာဇသတ်ကြီးပုဒ်မကို စိတ်ကြိုက်ပြင်ပြီး လူတစ်ဦးကို တရားရုံးအမိန့်မလိုဘဲ ၂၄နာရီထက်ကျော်လွန်ဖမ်းဆီးထိန်းသိမ်းထားလို့ရအောင်လုပ်လိုက်တာက သူတို့ကိုယ်တိုင်ရေးထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၃၇၆ကို တိတိပပ ချိုးဖောက်လိုက်တာပါ”လို့ ဆိုပါတယ်။

“ကျနော်တို့က အကြမ်းမဖက်လှုပ်ရှားနေကြသူတွေပါ။ ကျနော်တို့လက်နက်ဟာ ကျနော်တို့အသံ၊ ကျနော်တို့မိုဘိုင်းဖုန်းနဲ့ ဆိုရှယ်မီဒီယာပါပဲ။ ဒီစစ်တပ်က ရာဇဝတ်မှုတွေကို ကျူးလွန်နေတာပါ။ သူတို့ကို သည်ဟိတ်က နိုင်ငံတကာတရားရုံးမှာ စစ်ရာဇဝတ်မှုတွေနဲ့ အရေးယူရမှာပါ။ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် သူတို့တာဝန်ခံရပါမယ်”လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

၁၉၈၈ခုနှစ်ကစလို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိတ်ဝင်စားမှုဟာ အခုတော့ အမြင့်မားဆုံးအနေအထားကို ပထမဆုံးရောက်သွားခဲ့ပါပြီ။ အမေရိကန်၊ ဗြိတိန်၊ ဂျပန် စတဲ့အင်အားကြီးနိုင်ငံတွေကလည်း မြန်မာပြည်က စစ်ရာဇဝတ်ကောင်တွေကို အရေးယူနိုင်ဖို့ လုံခြုံရေးကောင်စီမှာ မဖြစ်ဖြစ်အောင်ဆွေးနွေးဖို့လုပ်ကြမှာဖြစ်သလို အာဆီယံ၊ တရုတ်နဲ့အိန္ဒိယတို့အပေါ်လည်း ဖိအားတွေက တရစပ်ကျရောက်နေပါတယ်။ မြန်မာစစ်တပ်ဟာ စည်းကျော်သွားပြီလို့ ဒေါက်တာဆာဆာက ပြောလိုက်ပြီး မင်းအောင်လှိုင်နဲ့အတူ အာဏာသိမ်းရာမှာပါတဲ့သူတွေအားလုံးကို အမှုဖွင့်အရေးယူရတော့မယ်လို့ ပြောလိုက်ပါတယ်။

အနောက်နိုင်ငံတွေအားလုံးကတော့ မြန်မာနဲ့ပတ်သက်လာရင် အစွမ်းကုန်အသံအကျယ်ဆုံးလုပ်နေပေမယ့် လက်တွေ့မှာ သက်ရောက်မှုမရှိဖြစ်နေတာကတော့ အိန္ဒိယ၊ ဂျပန်နဲ့ အာဆီယံနိုင်ငံအများစုဟာ နှုတ်ပိတ်ငြိမ်သက်ပြီး စောင့်ကြည့်နေကြလို့ပါပဲ။ မြန်မာပြည်ရဲ့အခြေအနေတွေ ပေါက်ကွဲထွက်လာပြီး သွေးထွက်သံယိုတွေဖြစ်လာရင် ထိန်းမနိုင်သိမ်းမရဖြစ်မှာကို ရှောင်ချင်တဲ့အတွက် ထိုင်းနဲ့အင်ဒိုနီးရှားတို့က လက်ဦးမှုမြန်မြန်ယူပြီး ကိုင်တွယ်တဲ့ကိစ္စမှာ တရုတ်နဲ့အမေရိကန်ပေးတဲ့ ဖိအားတွေအောက် ကြားညပ်နေပါတယ်။ အာဆီယံအနေနဲ့ ဒီပွဲမှာ သူများထက်သာအောင် လက်ဦးမှုယူတဲ့အနေနဲ့ လာမယ့်အင်္ဂါနေ့ မှာ အစည်းအဝေးလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက တရားဝင်တောင်းဆိုနေတာကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ဖမ်းဆီးထားသူတွေအားလုံးကို ချက်ချင်းလွှတ်ပေးဖို့နဲ့ သွေးထွက်သံယိုအခြေအနေတွေကို ရှောင်ရှားကြဖို့ဖြစ်ပါတယ်။ အာဆီယံအနေနဲ့လည်း ပြီးခဲ့တဲ့အပတ်တုန်းက ဒီကိစ္စကိုပဲ ရှေ့တန်းတင်ပြောခဲ့ပါတယ်။ လက်ရှိမှာ ဖြစ်နိုင်ဖို့လုံးဝမလွယ်တဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် ကြားဝင်ပေးမယ့်ဖြစ်စဉ်တစ်ခုကို တောင်းဆိုနေတဲ့အသံတွေလည်း ထွက်လာနေပါတယ်။

လာမယ့်ရက်တွေ၊ သီတင်းပတ်တွေအတွင်းမှာတော့ မြန်မာပြည်နဲ့ပတ်သက်တဲ့ တရုတ်ရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါလာမယ့်အနေအထားမှာရှိနေပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စနေနေ့ညကပဲ တရုတ်ပြည်ကို လေယာဉ်နဲ့ထွက်သွားခဲ့ပါတယ်။ မြန်မာစစ်တပ်နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်တွေက အတည်ပြုပေမယ့် တရုတ်နဲ့မြန်မာနှစ်ဖက်စလုံးရဲ့ တရားဝင်အတည်ပြုချက်တော့ မရှိပါဘူး။

“ကမ္ဘာကြီးနဲ့မြန်မာဟာ နိုင်ငံတကာရဲ့ကြားဝင်စေ့စပ်ပေးမှုကထွက်လာမယ့် ရလဒ်ကို စောင့်ဆိုင်းနေချိန်မှာပဲ ကျနော်တို့အနေနဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေအပေါ် နိုင်ငံရေး၊ စီးပွါးရေးနဲ့ နိုင်ငံတကာဖိအားတွေမျိုးစုံကို တင်းတင်းမာမာ လုပ်ထားဖို့လိုပါတယ်”လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို လက်ကိုလက်ခံရမယ်။ ပြည်သူတွေရဲ့သဘောထားတွေ ရှင်းလင်းပြတ်သားစွာ ပြထားတဲ့ ရလဒ်ဖြစ်သလို ပြည်သူတွေက NLD ကို အပြတ်အသတ်မဲပေးထားတာဖြစ်တယ်။ မြန်မာပြည်ဟာ ဒီမိုကရေစီကျတဲ့တိုင်းပြည်ဆိုရင် ကောင်းမွန်တဲ့ တကယ့်မဟာမိတ်ကိုရလိုက်တာလို့ နိုင်ငံတကာအနေနဲ့ နားလည်ထားရပါမယ်။ ကျနော်တို့ ဒီမိုကရေစီရတဲ့အခါ မြန်မာပြည်ဟာ တိုးတက်ဖွံ့ဖြိုးလာမှာမို့ အားလုံးအတွက် အကျိုးရှိတဲ့ကိစ္စပါ”

LEAVE A REPLY

Please enter your comment!
Please enter your name here