အဆိုတော်ဆောင်းဦးလှိုင်ရဲ့ နွေဦးတော်လှန်ရေးဖျော်ဖြေပွဲမှ ဒေါ်လာ ရှစ်သောင်းနီးပါးရရှိခဲ့

91

စက်တင်ဘာ ၁၃ ၊ ၂၀၂၁ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေခရီးစဉ်” လို့ နာမည်ပေးထားတဲ့ တကိုယ်တော်လှည့်လည်ပွဲထဲမှ တပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ French Institute Alliance Francaise ပြဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။


အဆိုပါ ဖျော်ဖြေပွဲမှ ရန်ပုံငွေအနေနဲ့ ဒေါ်လာရှစ်သောင်းနီးပါးရရှိခဲ့ကြောင်း အဆိုတော်ဆောင်းဦးလှိုင်က ပြောပါတယ်။
“ကြွရောက် အားပေး လှူဒါန်း ကူညီ ဝိုင်းဝန်းခဲ့ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ပရိသတ်များအားလုံးကြောင့် New York ပွဲမှာရံပုံငွေ ဒေါ်လာရှစ်သောင်း နီးပါးရခဲ့ပါတယ်” လို့ ဆောင်းဦးလှိုင်ကပြောပါတယ်။ဖျော်ဖြေပွဲတွင် ဆောင်းဦးလှိုင်က တေးသီချင်း ၃၀ ကျော်ဖြင့် ဖျော်ဖြေခဲ့ပြီး လူပေါင်း ၃၅၀ ကျော်လာရောက်အားပေးခဲ့ကြောင်း သိရပါတယ်။


“ကျနော့်အတွက်ချီးမြှင့်ငွေ Tips ဒေါ်လာ တသောင်းကျော်၊ အမေစုပန်းချီကားလေလံတင်တာ ဒေါ်လာခုနှစ်ထောင်၊ ကျနော့် ဂစ်တာလေလံအောင် ဒေါ်လာ ခုနှစ်ထောင်တို့ကို ပြန်လည်ထည့်ဝင်လှူဒါန်းနိုင်ခဲ့ကြပါတယ်။ ထူးခြားမှုတစ်ခုအနေနဲ့ ဆရာဝန်ကြီးဇနီးမောင်နှံ မိသားစုတခုထဲက ဒေါ်လာတစ်သောင်းထည့်ဝင် လှူဒါန်းခဲ့တာဖြစ်ပါတယ်” လို့ အဆိုတော်ဆောင်းဦးလှိုင်ကပြောပါတယ်။


အဆိုတော်ဆောင်းဦးလှိုင်ဟာ “နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေခရီးစဉ်” ကို သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ပြီး မြို့ကြီး ၁၀ မြို့တို့မှာ ကျင်းပသွားမှာဖြစ်ပြီး လတ်တလောမှာတော့ ပွဲစဉ် ၄ ခုဖျော်ဖြေလို့ပြီးမြောက်သွားပြီဖြစ်ပါတယ်။
ပြီးစီးသွားတဲ့ ပွဲစဉ် ၄ ခုအတွင်း စုစုပေါင်း ဒေါ်လာ ၁သိန်းခွဲနီးပါး ရရှိနေပြီး ရရှိသမျှငွေကြေးများကို မြန်မာနိုင်ငံအတွက် ရရာနည်းဖြင့်တိုက်ပွဲဝင်နေကြသူများအတွက် လှူဒါန်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here