အဆိုတော်အီတိုးဟာ စစ်သင်တန်းတက်ရောက်မယ့်လူငယ်တွေကို ကူညီခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်

107

အဆိုတော် ဝင်းထွဋ်သော်တာ (ခ) အီတိုးဟာ မေလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ TNLA အဖွဲ့ဆီမှာ သင်တန်းတက်ရောက်မယ့် လူငယ်(၄)ဦးကို သူ့ရဲ့ကားနဲ့ ပြင်ဦးလွင်- နောင်ချိုက တဆင့်မိုးကုတ်သွားကားလမ်းပေါ်ရှိ ပလောင်ရွာတရွာကိုပို့ဆောင်ခဲ့တယ်၊ နောက် မေလအတွင်းမှာပဲ Signal အက်ပလီကေးရှင်းကတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီကို NLD ပါတီက ၂၀၁၅ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ကတဆင့် အကြံပြုစာတွေပေးပို့ခဲ့ တယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်မှာ လက်လုပ်မိုင်းပြုလုပ်တဲ့သူတွေကို စက်တင်ဘာ (၅)ရက်နေ့က ဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲဖမ်းဆီးရာကနေ မရမ်းကုန်းမြို့နယ်မှာ အဆိုတော်အီတိုးကို ထပ်မံ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေကိုလည်း ဥပ‌ဒေနဲ့ထိရောက်စွာအရေးယူမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေကို အကြည်ညိုပျက်စေမှု ၅၀၅ – က နဲ့ တရားစွဲဆိုမှု များခဲ့ပေမယ့် ဩဂုတ်လပိုင်းကစပြီး လက်နက်များအက်ဥပ‌ဒေနဲ့ပါ တရားစွဲဆိုမှုရှိလာတယ်လို့ ရှေ့နေ အသိုင်းအဝိုင်းကနေသိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here