ဟစ်တလာ နဲ့ မအလ

547

Downfall ရုပ်ရှင်ကိုအစအဆုံးမကြည့်ဖူးရင်တောင် meme group တွေမှာ ဟစ်တလာပုံကြီးနဲ့ “စိတ်ဆိုးတယ်!!” ဆိုတဲ့ စာတန်းထိုးချင်ရာထိုးတဲ့ troll clip ကို ကြည့်ဖူးကြပါလိမ့်မယ်..

တကယ်တော့ Downfall ဆိုတဲ့ရုပ်ရှင်ဇာတ်ကားက ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေကို သူ့ရဲ့ဘန်ကာထဲမှာဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတဲ့အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားပါ.. ဟစ်တလာနဲ့အတူတကယ်အနီးကပ်ရှိခဲ့တဲ့ ဟစ်တလာရဲ့ secretary ကောင်မလေးကိုတည်ပြီးရိုက်ခဲ့တဲ့အတွက် ဒုတိယကမ္ဘာစစ်နောက်ခံဇာတ်ကားတွေထဲမှာ accurate အဖြစ်ဆုံးဇာတ်ကားလို့လဲ‌ပြောလို့ရပါတယ်..

ဆိုဗီယက်တပ်တွေမြို့တော်ဘာလင်ကို ဝိုင်းထားတဲ့အချိန်အထိ ဘန်ကာထဲမှာ ပျော်ပွဲရွှင်ပွဲတွေ.. သောက်ဝိုင်းစားဝိုင်းနဲ့ ကပွဲသဘင်တွေ ကျင်းပပေးပါတယ်.. သဘောကတော့ ထိပ်ပိုင်းအရာရှိကြီးတွေကလွဲရင် ဘန်ကာထဲအတူတူနေကြသူနီးစပ်တဲ့အသိုင်းအဝိုင်းကိုတောင် သူတို့အခြေအနေဆိုးနေပြီဆိုတာကို ပေးမသိဘူးဆိုတာပါပဲ..

အာဏာရှင်ဟာ သူအခြေအနေဆိုးလာလေ.. သူအခြေအနေဆိုးနေပြီဆိုတာကို သူ့လက်အောက်ကလူတွေသိမှာစိုးရိမ်လေပါပဲ.. ဒါ့ကြောင့် သူ့လူတွေကို မပြတ်တမ်းပျော်ရွှင်တက်ကြွနေစေပါတယ်..

အမှောင်မိုက်ဆုံးသော နေ့ရက်တွေအထိ ညဘက်တွေမှာ ပျော်ကြ ပါးကြ ကကြ ခုန်ကြတုန်းပါ.. နောက်ဆုံး ကပွဲသဘင်ထဲ ဒုံးကျည်ဝင်လာ‌တော့မှ ပါတီပေးတာကို ရပ်ပါတယ်..

ရုပ်ရှင်တစ်ကားလုံးမှာ ကျွန်တော်မှတ်မိသလောက် ဟစ်တလာ ဘန်ကာအပေါ်ကိုတက်တာ တစ်ချိန်ပဲရှိခဲ့ပါတယ်.. မြို့ထဲမှာ တိုက်ပွဲဝင်နေတဲ့ ကလေးလေးတွေ (၁၃-၁၄နှစ်လောက်ပဲရှိဦးမယ့်ကလေးလေးတွေ) ကို သူရဲကောင်းတံဆိပ် တက်ပြီးချီးမြှင့်တာပါ.. ဆိုဗီယက်တပ်တွေ ဘာလင်ကိုဝိုင်းမိပြီးထားပြီဆိုတဲ့အချိန်မှာ ဘာမှမသိတဲ့အောက်ခြေစစ်သားလေးတွေဟာ သူတို့ကို သူတို့ရဲ့ ခေါင်းဆောင်ကြီးကိုယ်တိုင်က သူရဲကောင်းတံဆိပ်ချီးမြှင့်လိုက်တယ်ဆိုတဲ့စိတ်နဲ့ တစ်ညလုံးတိုက်ပွဲဝင်သွားခဲ့ပါတယ်.. (အဲ့ဒီ့ညမှာပဲမြို့တော်ဘာလင်ကျတဲ့အခါ ရန်သူ့လက်ချက်နဲ့မကျဆုံးတဲ့နာဇီတပ်သားတွေဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြပါတယ်)

ကိုယ်တိုင်က အခြေအနေမဟန်တော့မှန်း သေချာပေါက်သိသွားတဲ့အချိန်မှာ အာဏာရှင်တစ်ယောက် ဘန်ကာထဲကထွက်ပြီး‌မြေကြီးပေါ်တက်လာတဲ့အထိ အရေးတယူလုပ်တဲ့ကိစ္စဟာ အောက်ခြေတပ်သားတွေကို အဆုံးစွန်စိတ်အားတက်ကြွ‌နေအောင် motivation ပေးဖို့ပါပဲ..

သိပ်ကိုသေးငယ်ကျဉ်းမြောင်းလှသောအသိုက်အ၀န်းလေးကလွဲရင် နာဇီတပ်ကြီးပျက်နေပြီဆိုတာ ဘယ်သူမှ တိတိပပ သိခွင့်မရခဲ့ကြပါဘူး.. ဘန်ကာထဲမှာ ဟစ်တလာကိုယ်တိုင် Happy birthday ထွက်ပြောတဲ့ birthday party ရှိနေဆဲပါ..

ပြီးတော့ သူ့ဇနီးနဲ့တရားဝင်လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပါတယ်..

သူ့ခွေးကို သတ်စေပါတယ်..

သူနဲ့သူ့ဇနီး သေပြီးတဲ့အခါ ရုပ်အလောင်းကို ၀င်သယ်ဖို့.. အခန်းကို ဘယ်သူမှမမြင်အောင် ရှင်းလင်းဖို့နဲ့ မီးသင်္ဂြိုလ်ဖို့ကို စိတ်အချရဆုံးဗိုလ်ချုပ်တစ်ဦးတည်းကိုပဲ တာဝန်‌ယူဖို့ သေသေချာချာမှာသွားခဲ့ပါတယ်..

နောက်ဆုံးအချိန်အထိ သူတို့နိုင်တော့မှာမဟုတ်ဘူးဆိုတာကို ဘယ်သူ့ကိုမှ ပေးမသိခဲ့သလို သူတို့က အမြဲတမ်းအနိုင်ရနေသလိုလို.. အပေါ်စီးမှာပဲရှိနေသလိုလို ပုံမျိုးနဲ့ပဲ နာဇီစစ်တပ်တစ်တပ်လုံးကို နောက်ဆုံးတိုက်လို့ရနိုင်သမျှအချိန်အထိ တိုက်ခိုင်းသွားခဲ့တာပါ..

ငါတို့အခြေအနေမကောင်းတော့ဘူး.. အောက်ခြေစစ်သားတွေထပ်မသေရအောင် လက်နက်ချလိုက်မယ်ဆိုတဲ့ စိတ်မျိုး တစိုးတစိမှ မရှိခဲ့ပါဘူး.. သူရဲကောင်းတံဆိပ်ကို ရင်ဘတ်မှာကိုယ်တိုင်ထွက်ချိတ်ပေးပြီးမြှောက်ပေးခဲ့တာပါ..
နာဇီစစ်တပ်က အောက်ခြေတပ်သားအတော်များများဟာ ဟစ်တလာမရှိတော့တဲ့အထိ သူတို့နာဇီတပ် ပျက်နေပြီဆိုတာကို မသိခဲ့ကြရပါဘူး..

သမိုင်းကြောင်းတွေဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်..

အချိန်ရရင် အဲ့ကားလေး ကြည့်ကြည့်ပါ.

LEAVE A REPLY

Please enter your comment!
Please enter your name here