အာဏာသိမ်းတာကိုဆန့်ကျင်ရင် မိသားစုဝင်ကိုတောင် ပစ်သတ်ဖို့ ရဲတွေကိုညွှန်ကြားထား

272
epa08995537 Armed riot police stand guard as demonstrators flash the three-finger salute, a symbol of resistance, during a protest against the military coup in Naypyitaw, Myanmar, 08 February 2021. Thousands of people took to the streets of Yangon and other cities, for a third day of mass protests against the military coup. Myanmar's military seized power and declared a state of emergency for one year after arresting State Counselor Aung San Suu Kyi and Myanmar president Win Myint in an early morning raid on 01 February. EPA-EFE/MAUNG LONLAN

အာဏာသိမ်းတာကိုဆန့်ကျင်ရင် မိသားစုဝင်ကိုတောင် ပစ်သတ်ဖို့ ရဲတွေကိုညွှန်ကြား

ဦးသစ်ဆင်း(ဝါရှင်တန်ဒီစီ)

■ မြန်မာ့တပ်မတော်ကို ဆန့်ကျင်ရင် ကိုယ့်မိသားစုဝင်တွေပင် ဖြစ်စေကာမူ သုတ်သင်ရှင်းလင်းပစ်ရမယ်လို့ စစ်တပ်က ပြောဆိုကြောင်း အိန္ဒိယရောက် မြန်မာရဲအရာရှိတဦးက ပြောဆိုကြောင်း ဗြိတိန်အခြေစိုက် The Independent သတင်းစာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က မြန်မာနိုင်ငံက ရဲအရာရှိ ၃၄ ဦး နဲ့ မီးသတ်တပ်ဖွဲ့ဝင်တဦး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်တိုင်း၊ ရဲတပ်ဖွဲ့ကပဲ ရှေ့က အရင်သွားရောက်ကြရတာဖြစ်ပြီး၊ စစ်တပ်ကတော့ ဆန္ဒပြသူတွေကို ဖမ်းဆီး၊ ရိုက်နှက်၊ ညှဉ်းဆဲနှိပ်စက်ဖို့ ရဲတပ်ဖွဲ့ဝင်တွေကို အမိန့်ပေး တဲ့ အလုပ်ကိုသာ လုပ်ကြောင်း၊ ဒါ‌ကြောင့် တခြားရွေးချယ်စရာမရှိတော့တာကြောင့် တိုင်းပြည်ကနေ ထွက်ခွာဖို့ ဆုံးဖြတ် လိုက်ရတာဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ်ကနေ ထွက်ပြေးလာခဲ့တဲ့ ရဲအရာရှိတဦးကတော့ – မြန်မာနိုင်ငံ မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကန့်ကွက်ငြင်းဆန် ဆန္ဒပြသူတွေကို ရိုက်နှက် ပစ်ခတ်သတ်ဖြတ် ဖို့၊ ပြည်သူ တွေသာမက စစ်တပ်ဘက် မပါဘူးဆိုရင် ကိုယ့်မိသားစုဝင်တွေကိုပါ ပစ်သတ်ဖို့ အထိ၊ အထက်အရာရှိတွေက ပြောဆိုကြောင်း၊ ကိုယ့်ပြည်သူကို ထိခိုက်အောင် မလုပ်လိုတဲ့အတွက် မီဇိုရမ်ဘက်ကို ထွက်ခွာလာခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

မိသားစုဝင်တွေကို တပါတည်း မခေါ်နိုင်ခဲ့ဘဲ ထွက်ပြေးလာခဲ့တဲ့၊ ရဲအရာရှိနောက်တဦးကတော့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေ ဘယ်လိုတွေ ဖြစ်နေကြပြီလဲ၊ ဘာတွေရင်ဆိုင်နေကြရသလဲ မသိကြောင်း၊ အခုအချိန် ပြန်သွားရင်လည်း အသက်ရှင်ဖို့ လမ်းမမြင်ကြောင်း၊ တယ်လီဖုန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် မိသားစုဝင်တွေ၊ မိဘတွေနဲ့ ဆက်သွယ်လို့ မရသေးကြောင်း ပြောဆိုပါတယ်။

အခုအခါ မြန်မာရဲတပ်ဖွဲ့ဝင်တွေကို အိန္ဒိယ ရွာသူရွာသားတွေက စောင့်ရှောက်ထားသလို၊ မြန်မာစစ်အစိုးရကလည်း အဲဒီ ရဲအရာရှိတွေကို ပြန်လည် အပ်နှံဖို့ အိန္ဒိယအစိုးရကိုတောင်းဆိုနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရကတော့ တစုံတရာ မတုံ့ပြန်သေးပါဘူး။

မြန်မာနဲ့ အိန္ဒိယဟာ နယ်စပ်ချင်း မိုင်တထောင်ကျော် ဆက်စပ်နေတာပါ။ မြန်မာဘက်ကနေ စိမ့်ဝင်လာတဲ့သူတွေကို တားဆီးဖို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက အရင်က ညွှန်ကြားခဲ့ပေမယ့် မီဇိုရမ်အရာရှိတွေက မြန်မာဘက်က ထွက်ပြေးလာသူတွေကို ကူညီခဲ့ကြပါတယ်။ အိန္ဒိယအစိုးရရဲ့ မိတ်ဖက်ပါတီဖြစ်တဲ့ မီဇိုအမျိုးသားတပ်ဦး က လွှတ်တော် အမတ်တဦးကလည်း ဒုက္ခသည်တွေကို လိုအပ်တဲ့အချိန်မှာ ကူညီရမှာဖြစ်ကြောင်း၊ အိန္ဒိအစိုးရအနေနဲ့ လည်း မြန်မာ့ ပြည်တွင်းနိုင်ငံရေး အခြေအနေ တွေ တိုးတက်ကောင်းမွန်လာအောင် လိုအပ်သလို ကူညီသင့်ကြောင်း၊ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပုံမှန် ပြန်ဖြစ်လာမှ ဒုက္ခသည်တွေကို ပြန်ပို့သင့်ကြောင်း ပြောဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ၁၉၅၁ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်နဲ့ ၁၉၆၇ ခုနှစ် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ မီဇိုရမ်အပါအဝင် မြန်မာနဲ့ထိဆက်နေတဲ့ ပြည်နယ်လေးခုမှာ လူသားချင်းစာနာ ကူညီရေးအကြာင်းခံကလွဲပြီး၊ ဒုက္ခသည်အဖြစ်ခိုလှုံခွင့် မရှိကြောင်း အိန္ဒိယအစိုးရက သတိပေးထားပါတယ်။ ကြာသပတေးနေ့ကတော့ ထင်ရှားတဲ့ မီဇိုရမ် လွှတ်တော်အမတ်တဦးက ပြည်နယ်အတွင်းက လူသားချင်းစာနာကူညီရေးဆိုင်ရာ ကိစ္စတွေကို မျက်နှာလွှဲမနေနိုင်ကြောင်း ဝန်ကြီးချုပ် နရင်ဒရာမိုဒီထံ စာရေးပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်လောက်ကလည်း မြန်မာနိုင်ငံသား ၁၁၆ ဦး တိုင်အောမြစ်ကို ဖြတ်ပြီး၊ အာသံ ရိုင်ဖယ် ပြည်သူ့စစ်တွေ မရှိတဲ့ ရွာတရွာကနေ ဖြတ်သန်းဝင်ရောက်ခဲ့ကြကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအပြီး၊ အိန္ဒိယနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော်ရောက်ရှိလာခဲ့ကြတဲ့ မြန်မာနိုင်ငံသားအရေအတွက် အတိအကျ မသိရသေးပါဘူး။

ဒီအတွင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးက မြန်မာနဲ့ နယ်စပ်ချင်းထိဆက်နေတဲ့ မီဇိုရမ်၊ မဏိပူ၊ နာဂလဲန်၊ အရုနာချယ်ပရာဒက် ပြည်နယ်တွေမှာ လူသားချင်းစာနာရေးကိစ္စကလွဲပြီး ဒုက္ခသည်ဝင်ရောက်မှု တားဆီးရေး ဆောင်ရွက်ဖို့ ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here