သတင်းမီဒီယာများ နိုင်ငံရေးဝါဒမှိုင်းမမိဘဲ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ရပ်တည် ဆောင်ရွက်ကြဖို့ စစ်ကောင်စီဥက္ကဌပြော

64

သတင်းမီဒီယာများ နိုင်ငံရေးဝါဒမှိုင်းမမိဘဲ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ရပ်တည် ဆောင်ရွက်ကြဖို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

(နိုဝင်ဘာ ၂၄ရက်)က ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားမှာ ၎င်းက ယခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“သတင်းမီဒီယာတွေအနေနဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်း အပါအဝင် နိုင်ငံ၏အခြေအနေ အရပ်ရပ်၊ ကမ္ဘာ့အခြေအနေအရပ်ရပ်တွေကို သိရှိနားလည်ထားဖို့ လိုပါတယ်။ ထိုသို့လုပ်ဆောင်မှသာလျင် ပြည်သူကို မျှဝေနိုင်မှာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ယင်းသို့ဆောင်ရွက်ရာမှာလည်း လူမျိုးစွဲ၊ ဝါဒစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိဘဲ၊ နိုင်ငံရေးဝါဒမှိုင်းမမိဘဲ သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ ရပ်တည်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ယင်းကဲ့သို့ ဆောင်ရွက်မှသာ နိုင်ငံတော်အစိုးရနဲ့ ပြည်သူတို့က ယုံကြည်လေးစား အားကိုးရတဲ့ သတင်းမီဒီယာသမားများအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

“သို့သော် မျက်မှောက်ကာလမှာ တွေ့ရှိနေရတာက ပဋိပက္ခများ၊ သဘောထား ကွဲပြားမှုများကို ပြေလျော့သွားအောင် လုပ်ရမယ့်အစား မီးလောင်ရာလေပင့်သကဲ့သို့ ပိုမိုအားကောင်းလာအောင် လုပ်ပေးနေကြပါတယ်။ ယင်းအခြေအနေမျိုးကို ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများအပြား တွေ့မြင်နေကြရပါတယ်။”လို့ ၎င်းက ပြောပါတယ်။ယင်းအပြင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် စတဲ့ မဏ္ဍိုင်ကြီး (၃)ရပ် အစဉ်အမြဲတည့်မတ် နေစေရေးအတွက် အရည်အချင်းပြည့်ဝပြီး သမာသမတ်ရှိတဲ့ မီဒီယာအားလုံးက စောင့်ကြပ်ကြည့်ရှု၍ စေတနာမှန်မှန်ဖြင့် ထောက်ပြခြင်း၊ ဝေဖန်ခြင်း၊ အကြံပြုခြင်းဖြင့် မူလမဏ္ဍိုင်ကြီး(၃)ရပ် မယိမ်းမယိုင်ရအောင် ကျားကန်ထောက်မ ပေးဖို့ကိုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here