မန္တလေး မဟာနွယ်စဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

68

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နိုဝင်ဘာ ၁၀ ရက်၊ ညနေ ၆ နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်း ကြားရှိ မဟာနွယ်စဉ် ရပ်ကွက်ရုံးကို အမည်မသိ ဆိုင်ကယ်စီးလာသူ ၂ ဦးက ဗုံးပစ်သွင်းသွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာ ပြင်းထန် ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“မနေ့က ညနေပိုင်းက ရပ်ကွက်ရုံးထဲကို ဗုံးပစ်သွင်းတာ။ အုန်းကနဲ ကြားရပြီး သေနတ်သံတွေပါ ဆက်တိုက် ကြားရတယ်။ ရုံးအပေါက်စောင့်တဲ့ စစ်သား ထိတာ၊ ဒဏ်ရာပြင်းတယ်လို့ သိရပြီး အခုမနက်ကျတော့ သေပြီလို့ သိရတယ်” ဟု မျက်မြင်တွေ့ရှိသူ တဦးက ဆိုသည်။အဆိုပါ အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုနှင့် ပတ်သက်၍ Justice Mandalay People Defence Force (JMPDF) က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ယခုအခါ ပေါက်ကွဲမှု ဖြစ်ခဲ့သည့် ရပ်ကွက်ရုံးနှင့် အနီးဝန်းကျင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း၊ မန္တလေးမြို့ပေါ် နေရာအနှံ့တွင်လည်း စစ်ကောင်စီ လက်နက်ကိုင်များ ရှိနေပြီး လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here