မိုင်းကိုင်မှာ RCSS နဲ့ SSPP တို့ တိုက်ပွဲကြောင့် စစ်ရှောင် ၆ ထောင်ကျော်ရှိလာ

90

အောက်တိုဘာ ၁၀ ရက်၊ ရှမ်းတောင် မိုင်းကိုင်မြို့နယ်ထဲမှာ သျှမ်းပြည်တပ်မတော် RCSS နဲ့ SSPP တို့ရဲ့ တိုက်ပွဲကြောင့် စစ်ဘေးသင့်သူ ၆ ထောင်ကျော် ရှိလာတယ်လို့ ဒေသတွင်း ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ပန်ကေတုကျေးရွာအုပ်စု ကုန်းပေါင်း၊ ကုန်းလိုင်း၊ နားလွမ်း၊ ဟိုခဲကျေးရွာအုပ်စု ဝမ်တောင်း၊ နောင်လျှော်၊ ပါလ၊ နမ့်ဟူး၊ ဟမ်းငိုင်းကျေးရွာအုပ်စု နားလေ၊ ဟိုဖိုင်၊ လွိုင်ဆိုင်၊ နမ့်အွတ်၊ ကုန်းညောင်၊ ဖာစား၊ စံပေါင်၊ လွယ်ဆန်း၊ ကုံးဆန်၊ နားပွန်းနဲ့ ဝမ်ပိုက်ရွာ (၁၈)ရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တိုက်ပွဲရှောင်တွေကို ကူညီပေးနေသူတစ်ဦးက “ပြေးလာတဲ့ ရွာတွေအားလုံးက ပြီးခဲ့တဲ့ ၉ လပိုင်းနဲ့ ဒီ ၁၀ လပိုင်းထဲကဖြစ်တယ်။ ပြေးတဲ့ရက် အတိအကျတော့ ကျနော် မမှတ်မိတော့ဘူး။ အခုလက်ရှိ စစ်ရှောင်တွေလိုအပ်တာက စားနပ်ရိက္ခာတွေပါ။ ဆန်၊ ဆီ၊ ဆား၊ ဟင်းတွေ ပြီးတော့ အသုံးဆောင်ပစ္စည်းနဲ့ စောင်တွေ လိုအပ်နေတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။ပန်ကေတုကျေးရွာအုပ်စု နားနေဘုန်းကြီးကျောင်းမှာ (၇၆၄)ဦး၊ ကုန်းလိုင်းစာသင်ကျောင်းမှာ (၈၂)ဦး၊ အုပ်ချုပ်ရေးမှူး ခြံဝင်းမှာ (၈၂၇)ဦးနဲ့ မောက်လိုင်ဇရပ်မှာ (၆၄၉)ဦး၊ ဟမ်ငိုင်းကျေးရွာအုပ်စု ကုန်စုံဘုန်းကြီးကျောင်းမှာ (၁,၅၈၃)ဦး၊ လွယ်စက်တော် ဘုန်းတော်ကြီးကျောင်းမှာ (၆၃၄)ဦး၊ ကောင်းမှူးဆိုင် စေတီတော်မှာ (၈၂၁)ဦးနဲ့ ဟိုနားကျေးရွာအုပ်စု ဝိန်းငင်းဘုန်းတော်ကြီးကျောင်းမှာ (၄၉၀)ဦး၊ ဟွေနွဲ့ဘုန်းတော်ကြီးကျောင်းမှာ (၃၂၂)ဦး စုစုပေါင်း (၆,၁၇၂)ဦး ရှိနေပါတယ်။ထွက်ပြေးတိမ်းရှောင်လာတဲ့ ကုန်းပေါင်းရွာခံ လွေးဆိုင်အောင်က “အခုက ပန်ကေတုအုပ်စုမှာ တိမ်းရှောင်လာပါတယ်။ ဒီမှာရောက်လာတာတော့ မကြာသေးဘူး။ ဒီလထဲပဲရောက်တာ။ ကျေးရွာဘက် လက်နက်ကြီးတွေကျတော့ ထွက်ပြေးလာတယ်။ ရွာမှာတော့ ရွာစောင့်တဲ့သူတွေ ကျန်တယ်။ ရွာဘက်ပြန်လို့ရပြီ ပြောပေမယ့် ရွာသူကြီးက မပြန်ခိုင်းသေးဘူး။ အခြေအနေ စောင့်ကြည့်အုံးမယ်တဲ့။

ရွာသူကြီးလည်း ဒီမှာပဲရှိတယ်” လို့ ပြောပါတယ်ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်ကစပြီး RCSS နဲ့ SSPP တပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေပဲ ဖြစ်ပါတယ်။အောက်တိုဘာ ၅ ရက်က ကုန်းပေါင်းရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကွန်ဆိုင်ကောတို့ မိသားစု ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အောက်တိုဘာ ၆ ရက်မှာ ကွန်ဆိုင်ကောက သေဆုံးသွားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here