ပဲခူးတိုင်းအတွင်း လျှပ်စစ်ကားထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံလိုသူများကိုဖိတ်ခေါ်

185

ပဲခူးတိုင်းဒေသကြီးအတွင်း ဘတ္ထရီသုံးလျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောဆိုလိုက်ပါတယ်။

ယနေ့ အောက်တိုဘာလ ၂၇ရက်နေ့ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးမှာ ကျင်းပပြုလုပ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံကော်မတီရဲ့(၄/၂၀၂၁)အစည်းအဝေးမှာ တိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်း ဘတ္ထရီသုံးလျှပ်စစ်မော်တော်ကားထုတ်လုပ်ခြင်းလုပ်ငန်းနဲ့ ဆက်စပ်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ဆောင်ရွက်စေလိုကြောင်း ၎င်းက ဆိုပါတယ်။

ဒါ့ပြင် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံသူများ တည်ငြိမ်လုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် လမ်း၊ လျှပ်စစ်မီး၊ ရေနဲ့ လုံခြုံရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေးထားတယ်လို့ အထက်ပါပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုထားပါတယ်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ကောင်စီဥက္ကဋ္ဌမှ မြို့ပေါ်တွေမှာ သုံးတဲ့ကားများသည် လျှပ်စစ်ကားများဖြစ်ရမယ်လို့ ပြောဆိုခဲ့ပြီးနောက်မှာ ပဲခူးတိုင်းအတွင်း လျှပ်စစ်ကားထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံလိုသူများကို ယခုကဲ့သို့ စတင်ဖိတ်ခေါ်မှုများရှိလာတာလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here