ပုဒ်မ ၅၀၅ (က) နှင့် အမှုဖွင့်ထားသည့် ကိုဇင်သော်နိုင် အဖမ်းခံရ

301

ပုဒ်မ ၅၀၅ (က) နှင့် အမှုဖွင့်ထားသည့် ကိုဇင်သော်နိုင် အဖမ်းခံရ

ဧရာဝတီ၊ ဧပြီ ၅၊ ၂၀၂၁

စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသော ကိုဇင်သော်နိုင်ကို ယနေ့ (ဧပြီ ၅ ရက်) မနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်တွင် ဖမ်းဆီးခံရကြောင်း သတင်း ရရှိသည်။

၎င်းသည် The Myanmar Post ဂျာနယ်တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သူတဦးလည်းဖြစ်ပြီး လက်ရှိတွင် CDM လုပ်ဆောင်နေသူများ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွင်း ကူညီဆောင်ရွက်ပေးနေသူ တဦးလည်း ဖြစ်သည်။

ကိုဇင်သော်နိုင်ကို လက်ရှိတွင် ပုဇွန်တောင်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းနှင့် ရင်းနှီးသူတချို့က ပြောသည်။

ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင် ရဲတိုက်ကိုလည်း ဧပြီလ ၃ ရက် ညပိုင်းက ရန်ကုန်မြို့မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမှာ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီက ထင်ပေါ်ကျော်ကြားသည့် သရုပ်ဆောင်များ၊ သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ နယ်ပယ်အသီးသီးရှိ Blogger များ၊ ကျောင်းသားလူငယ်များ အစရှိသူများကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ လိုက်လံ ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here