ပညာတော်သင် သီလရှင်တစ်ပါး ၃ နှစ်ခန့်ကြာတဲ့အထိ မိသားစုနဲ့ အဆက်သွယ် မရ

88

ရှမ်းတောင် မိုင်းကိုင်မြို့နယ် နောင်စံပူးကျေးရွာအုပ်စု လွယ်ခွမ်ရွာနေ အေးနန်းဟာ သီလရှင်အဖြစ် နေပြည်တော်သို့ သွားရောက် ပညာသင်ကြားရာကနေ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစပြီး အဆက်အသွယ် မရ​တော့ဘူးလို့ ရွာခံတစ်ဦးက ပြောပါတယ်။

ရှမ်းမြောက် တအာင်း (ပလောင်)ဒေသ နမ့်ဆန်မြို့နယ်က သီလရှင် သူငယ်ချင်းတစ်ပါးနဲ့ နမ့်ဆန်မြို့သို့ အလည်လိုက်ရာကနေ အဆက်အသွယ် မရတော့ဘူးလို့ ၎င်းရွာခံက ဆိုပါတယ်။“သူ့မိဘတွေက သူ့သမီး ပျောက်ဆုံးသွားတယ်ဆိုပြီးတော့ သူနေတဲ့ကျောင်းကို သွားမေးကြည့်တော့ သူ့ကျောင်းက နမ့်ဆန်က သူငယ်ချင်းနဲ့ လိုက်သွားတယ်လို့ပြောတယ်။ အခုချိန်ထိအဆက်အသွယ် မရတော့ဘူး”

အေးနန်းဟာ နေပြည်တော် ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ကျောင်းတိုက်မှာ ပညာသင်ကြားခဲ့ပြီး ကျောင်းပိတ်ရက်မှာ သူငယ်ချင်းနဲ့ လိုက်သွားရာကနေ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ထွက်သွားချိန်မှာ ကျောင်းတိုက်ထဲက တာဝန်ရှိသူတွေကို အသိမပေးဘဲ အခြားကျောင်းတိုက်က သီလရှင်တစ်ပါးနဲ့ ထွက်သွားခဲ့ကြောင်း ပုဏ္ဏမီဂုဏ်ဝေ စာသင်တိုက် ကျောင်းအုပ် ဒေါ်ဇေယျသိင်္ဂီက ရွှေဖီမြေကို မိန့်ပါတယ်။
“သူထွက်သွားတဲ့အချိန်လည်း ဆရာလေးတို့က မတွေ့ဘူး။ အဲတုန်းကကျောင်းမှာ CCTV မရှိတော့ ညဘယ်အချိန်မှန်း မသိဘူး။ ဆရာလေးတို့က သူ့ရွာဇာတိရောက်ပြီလို့ ထင်နေတာ။ သူက လမ်းသိတဲ့သူလည်း မဟုတ်ဘူးဆိုတော့။ ဆရာလေးတို့ကကျတော့ ထွက်ပြေးရင် လိုက်မရှာတတ်ဘူး”မှတ်ပုံတင်ထဲက မွေးသက္ကရာဇ်အရ အေးနန်းဟာ အသက် (၂၁)နှစ်ဖြစ်ပြီး လွယ်ခွမ်ရွာက ပေါအိုက်နေရဲ့ သမီးဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here