ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး အပါအဝင် ၁၁ ဦး ရဟတ်ယာဉ်ပျက်ကျ၍ သေဆုံး

218

တူရကီနိုင်ငံအရှေ့ပိုင်း၌ စစ်ဘက်ရဟတ်ယာဉ်ပျက်ကျရာ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး အပါအဝင် ၁၁ ဦး သေဆုံး

နိုင်ငံတကာ၊ မတ် ၅(PeopleMedia)

ယမန်နေ့က တူရကီနိုင်ငံအရှေ့ပိုင်း၌ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

ယမန်နေ့ညနေပိုင်းက တတ်ဗန်မြို့နှင့်ကပ်လျက်ရှိသော ဆတ်မီစီကျေးရွာအနီး စစ်ဘက်ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။

Cougar အမျိုးအစား အဆိုပါရဟတ်ယာဉ်က ဒုတိယဗိုလ်ချုပ်ကြီး အိုစမန်အာဘတ်စ် အပါအဝင် တပ်ဖွဲ့ ဝင်များ သယ်ဆောင်နေချိန် ပျက်ကျခဲ့ခြင်းဖြစ်သည်။ တောင်ထူထပ်ရာဒေသ၌ ထူထပ်သောဆီးနှင်းများ၊ မိုးတိမ် များကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့ဖွယ်ရှိဟု သိရသည်။

တူရကီသမ္မတ ရီစက်တေယက်အာဒိုဂန်က ဒုတိယဗိုလ်ချုပ်ကြီး အိုစမန်အာဘတ်စ်၏ မိသားစုထံ ဖုန်း ခေါ်ဆို၍ စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့သည်။

တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူစီအာကာ၊ စစ်ဦးစီးချုပ်၊ ကြည်းတပ်မှူးနှင့် ပြည်ထဲရေးဝန်ကြီး ဆူလေ မန်ဆွိုင်လူတို့က စစ်ဆေးမှုပြုလုပ်ရန် ရဟတ်ယာဉ်ပျက်ကျရာနေရာသို့ ထွက်ခွာသွားခဲ့သည်။

တူရကီတပ်ဖွဲ့များက ပိတ်ပင်ထားသော ကာဒစ္စတန်အလုပ်သမားပါတီမှ စစ်သွေးကြွများကို တိုက်ခိုက်မှု များ ပြုလုပ်လျက်ရှိရာနေရာ၌ ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်ကလည်း အီရတ်နိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်၌ အလားတူရဟတယာဉ်တစ်စင်း ဓာတ်အား လိုင်းများကို တိုက်မိပြီးနောက် ပျက်ကျခဲ့ရာ တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်။

–ကိုးကား–

Ref; 11 killed in military helicopter crash in Turkey

LEAVE A REPLY

Please enter your comment!
Please enter your name here