ဒါရိုက်တာလူမင်း ဖမ်းဆီးခံထားရသော်လည်း အောင်ဆန်းရုပ်ရှင်အား ဆက်လက်ရိုက်ကူးရန် စီစဉ်

226

ဗိုလ်ချုပ်အောင်ဆန်း၏အထုပ္ပတ္တိ ရုပ်ရှင်ဖြစ်သည့်အောင်ဆန်းရုပ်ရှင်အား ဆက်လက်ရိုက်ကူးရန် စီစဉ်နေကြောင်း စစ်ကောင်စီ၏ မီဒီယာတွင်‌ မေလ၁၆ရက်‌နေ့သတင်းမှာ ဖော်ပြထားသည်။

အရပ်သားအစိုးရလက်ထက်တွင်အောင်ဆန်းရုပ်ရှင်သည်ပြည်သူလူထု၏ အလှူငွေများပါဝင်ပြီးရိုက်ကူးနေသည့်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာလူမင်းမှတာဝန်ယူရိုက်ကူး‌နေခြင်းဖြစ်သည်။

စစ်တပ်အနေဖြင့် အာဏာသိမ်းယူပြီး မကြာမီတွင် ဒါရိုက်တာလူမင်းအားဖမ်းဆီးခဲ့သည်မှာ လက်ရှိအချိန်အထိဖြစ်သည်။

ဆက်လက်ရိုက်ကူးမည့်အစည်းအဝေကို ဒါရိုက်တာ ပန်ချီစိုးမိုး ၊ဓိရာမိုရ်တို့တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။

အောင်ဆန်းရုပ်ရှင် ဆက်လက်ရိုက်ကူးရန်အတွက် (၁၄)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ (မေ ၁၆ ရက်) မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန၏ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်‌ရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ကော်မတီ ဥက္ကဋ္ဌဖြစ်သူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ၊ ဒုတိယ၀န်ကြီး ဦးထွန်းအုံ ၊

အလင်္ကာကျော်စွာ ထပ်ဆင့်အကယ်ဒမီ ပန်းချီစိုးမိုး ၊ လုပ်ငန်းကော်မတီဝင် အမြဲတမ်း အတွင်းဝန်များ ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊မြန်မာသမိုင်းပညာရှင်များ ၊ အကယ်ဒမီ ဓီရာမိုရ် အပါအ၀င် ရုပ်ရှင်ဆိုင်ရာ အတတ်ပညာရှင် ၊အသိပညာရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါရုပ်ရှင်ရိုက်ကူးမှုကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၄ ရက်တွင် စတင်ရိုက်ကူးခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရပ်နားထားခဲ့ရခြင်းဖြစ်ပြီး ယခုအခါတွင် ရိုက်ကူးမှုလုပ်ငန်းများအားလုံး ပြီးစီးသွားပြီဖြစ်သည်။

သို့သော်ဆက်လက်ဆောင်ရွက်ရန် အပြီးသတ်လုပ်ငန်းများ ကျန်ရှိသေးကြောင်း ၊ ထိုလုပ်ငန်းများဆက်လက်လုပ်ဆောင်ရန် လက်ကျန် ရန်ပုံငွေ လုံလောက်မှုမရှိသဖြင့် ဘဏ္ဍာငွေ ရရှိရေးအတွက် ၀န်ကြီးဌာနဘက်မှ စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ “အောင်ဆန်း”ရုပ်ရှင်သည် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ်၂၀၁၅ ခုနှစ် (ဖော်ဖော်ဝါရီ ၁၃ ရက်)တွင် အများပြည်သူကိုပြသနိုင်ဖို့ရည်ရွယ်ပြီး ရိုက်ကူးထားခဲ့ခြင်းဖြစ်သည်။

ကာလအတန်ကြာ ရပ်နားထားခဲ့ရသည့် အောင်ဆန်းရုပ်ရှင်ကို ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏လမ်းညွှန်မှုဖြင့် ပြန်လည်ရိုက်ကူးခဲ့ပြီး ဇာတ်ညွှန်းကိုလည်း ပြန်လည်ရေးသားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here