တရုတ်ကို အစ်ကိုကြီးဟု ခေါ်ဝေါ်ခဲ့လို့ ဖြေရှင်းနေရတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး

214

တရုတ်ကို အစ်ကိုကြီးဟု သုံးနှုန်းခေါ်ဝေါ်ခဲ့သောကိစ္စအတွက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဖြေရှင်းနေရ

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန်ဟာ တရုတ်ကို အစ်ကိုကြီးလို့ သုံးနှုန်းခေါ်ဝေါ်ခဲ့တဲ့ကိစ္စအတွက် ဝေဖန်မှုတွေ မြင့်တက်လာတာကြောင့် ပြန်လည်ဖြေရှင်းချက်ထုတ်နေရပြီလို့ သိရပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ သူရဲ့ပထမဆုံးသော တရုတ်နိုင်ငံဆီ အလည်အပတ်သွားရောက်ခဲ့စဉ်အခိုက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံရာမှာ တရုတ်ကို အစ်ကိုကြီးလို့ သုံးနှုန်းခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။

အခုလုပ်ရပ်အတွက် မလေးရှားနိုင်ငံသား လူမှုကွန်ရက်အသုံးပြုသူတွေနဲ့ အတိုက်အခံနိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ဟီရှာမူဒင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပြီး နိုင်ငံခြားရေးမူဝါဒမှာ အခုလို အသုံးအနှုန်းမျိုး သုံးစွဲတာက အရမ်းကို စိုးရိမ်စရာကောင်းတယ်လို့ အတိုက်အခံပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အန်ဝါ အီဘရာဟင် က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟီရှာမူဒင်ကတော့ သူခေါ်ဝေါ်သုံးနှုန်းလိုက်တဲ့ အစ်ကိုကြီးဆိုတဲ့ စကားလုံးဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုသာ ဦးတည်ရည်ရွယ်ခဲ့တာဖြစ်ပြီး ဝမ်ယိဟာ သူ့ထက် အသက်အရွယ်အားဖြင့် ကြီးတဲ့အပြင် စီနီယာကျတဲ့ နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်တဲ့အတွက် အခုလို ခေါ်ဝေါ်ခဲ့တာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းထားပါတယ်။

“ကျွန်တော်က ပုဂ္ဂိုလ်ရေးအရ တစ်ကိုယ်တော်အနေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို အစ်ကိုကြီးလို့ ခေါ်လိုက်တာပါ။ မလေးရှားနိုင်ငံကို ကိုယ်စားပြုပြီး တရုတ်နိုင်ငံကို အစ်ကိုကြီးလို့ ခေါ်လိုက်တာ မဟုတ်ပါဘူး။ မလေးရှားဟာ အခုအချိန်ထိ ဘယ်သူ့သြဇာမှ မခံသလို အမှီအခိုကင်းစွာနဲ့ ရပ်တည်နိုင်ဆဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ လူ့အခွင့်ရေး၊ တရားမျှတမှုနဲ့ သာတူညီမျှအခွင့်အရေးစံနှုန်းတွေကို အတိအကျလိုက်နာပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ်ပဲ မလေးရှားက ရပ်တည်သွားမှာပါ”လို့ နိုင်ငံခြားရေးဝန်ကြီး ဟီရှာမူဒင်က ပြောကြားသွားပါတယ်။

သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်
ကိုးကား – Channel News Asia
ဓာတ်ပုံ – AsiaOne

LEAVE A REPLY

Please enter your comment!
Please enter your name here