တန့်ဆည်မြို့နယ်ရှိ ကျီကုန်းကျေးရွာကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် မီးရှို့

138

စက်တင်ဘာ ၂၄၊ ၂၀၂၁ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကျီကုန်းကျေးရွာ၌ ယနေ့ နံနက်ပိုင်းက နေအိမ်များ မီးလောင်နေပြီး စစ်ကောင်စီက ၂ ရက်မြောက်နေ့ ထပ်မံ မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါရွာတွင် ရဲတပ်ဖွဲ့ဝင် မိသားစုတချို့ အသတ်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရွာရှိနေအိမ်များအား ယမန်နေ့က တကြိမ် မီးရှို့ခဲ့ပြီးနောက် ယနေ့ (စက်တက်ဘာ ၂၄ ရက်)တွင် ထပ်မံ မီးရှို့နေခြင်း ဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။ဒေသခံတဦးက “ကား ၁ စီးနဲ့ လာပြီးတော့ ထပ်ရှို့သွားတာ မနေ့က တောင်ရွာကို ရှို့တာ။

ဒီနေ့က မြောက်ရွာကို ထပ်ရှို့တာ။ မနေ့က NLD ပါတီဝင်တွေ အိမ်ကို မီးရှို့သွားတာ ဒီနေ့လည်း အဲဒါပဲ နေမှာပေါ့။ မနေ့က ရဲမေကိုယ်တိုင် လိုက်ရှို့တာကိုး။ သူမိသားစု သတ်ခံလိုက်ရတာ အခဲမကြေဘူး ဖြစ်နေတာ နေမှာပေါ့” ဟု ပြောသည်။စက်တင်ဘာလ ၂၂ ရက်နေ့ ညတွင် ကျီကုန်းကျေးရွာ၌ အပြန်အလှန်ပစ်ခတ်သံများ ကြားပြီးနောက် ရဲတပ်ဖွဲ့ဝင်၏ မိသားစုလည်း ဖြစ်ပြီး ပျူစောထီးဟု သတ်မှတ်ခံထားရသူ ဦးရဲမြင့်၊ ဇနီးအပြင် သမီးနှင့် မြေးဖြစ်သူပါ အသတ်ခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် မည်သည့် အဖွဲ့က ပြုလုပ်သွားသည်ကို မသိရှိရသေးကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လုပ်ဆောင်ခြင်း မဟုတ်ကြောင်း တန့်ဆည်မြို့နယ် PDF က ပြောဆိုထားသည်။ပစ်ခတ်မှုများ ဖြစ်ပြီးသည်နှင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာအတွင်း ဝင်ရောက်စီးနင်းကာ နေအိမ်များ မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ မီးလောင်မှုတွင် နေအိမ် ၁၈ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ကျီကုန်းရွာတွင် အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိပြီး ယခုအခါ ရွာရှိလူကုန် ထွက်ပြေးတိမ်းရှောင်နေရသလို အဆိုပါရွာအပြင် နီးစပ်ရာ ကျေးရွာများမှ ပြည်သူထောင်ချီမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here