စစ်ကောင်စီက အပစ်ရပ်ငါးလထပ်တိုးပေမယ့် ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်

92

တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးမယ်လို့စစ်ကောင်စီဥက္ကဋ္ဌပြောတိုင်းရင်းသားဒေသတွေနဲ့အတူ ပြည်နယ်တွေကိုဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရရှိအောင်ကြိုးပမ်းဖော်ဆောင်မယ်လို့စစ်ကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာဆိုရင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေစုပေါင်းပြီး ပြည်ထောင်စုနိုင်ငံအဖြစ် ဖွဲ့စည်းထားတာဖြစ်ပြီး တိုင်းရင်းသားဒေသတွေကိုလည်း တိုးတက်အောင်ဆောင်ရွက်ပေးမှသာတိုင်းရင်းသားတွေဘက်က အစိုးရအပေါ်ယုံကြည်လာမှာဖြစ်တယ်လို့ စက်တင်ဘာ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့အစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌ ကထည့်သွင်းပြောဆိုသွားတာပါ။ဒါပေမဲ့ တစ်ဖက်မှာတော့ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ရှမ်းပြည်တောင်ပိုင်းက ပင်လောင်းမြို့နယ်တွေဘက်မှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။မနေ့စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ ကရင်နီပြည်နယ်၊ ဒီးမောဆိုမြို့နယ်အတွင်းကကုန်းသာရွာနဲ့သေးဆူလဲ ကျေးရွာတွေအနီးမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ကုန်းသာရွာထဲကဒေသခံအဖိုးအိုတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့သလို ဒေသခံနေအိမ် ၃၅ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြခဲ့ပြီး ဒေသခံကာကွယ်ရေးတပ် KNDF ကလည်းသတင်းထုတ်ပြန်ထားပါတယ်။ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး လိမ်ညာတာ တစ်ခါတည်းမှမဟုတ်၊နှစ်ပေါင်းများစွာလိမ်ပြောလာတာဆိုတော့ ဘာပြောပြော ကျွန်တော်တို့ကအယုံအကြည်မရှိဘူး။

အခုအပစ်ရပ်တယ်ပြောတယ်ဆိုရင် သူတို့လည်းသူတို့နေတဲ့တပ်တွေထဲမှာ သူတို့နေ၊ စစ်ကြောင်းမထိုးနဲ့၊ ပြည်သူတွေကိုမဖမ်းနဲ့၊အပစ်ရပ်တယ်ဆိုပြီး ပြည်သူတွေကိုဖမ်းမယ်၊ ဖမ်းဆီးနှိပ်စက်မယ်၊စခန်းတွေနားစစ်ကြောင်းထိုးမယ်ဆိုရင်တော့ ကျွန်တော်တို့ကအပစ်ရပ်တာတွေလည်းခေါင်းထဲမှာရှိမှာမဟုတ်ဘူး။ အခုထိလည်းစစ်အာဏာရှင်ကထုတ်တဲ့ထုတ်ပြန်ချက်ဆို ဘာမှမယုံတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲကြည့်လေ။စစ်ကြောင်းကို ဒေါငံခါးထိပဲဟန်ပြထိုးမယ်လို့မနက်ပိုင်းကပြောတယ်၊ညနေပိုင်းကျတော့ စစ်ကြောင်းထပ်ရှေ့တိုးလို့တိုက်ပွဲဖြစ်ရတယ်” လို့ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့လက်နက်ကြီးထိမှန်မှုတွေကြောင့် ဒီးမောဆိုမြို့နယ်၊ ကုန်းသာကျေးရွာအတွင်းကနေအိမ်အလုံး ၅၀ လောက်မီးလောက်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံလူမှုအဖွဲ့အစည်းတွေကပြောပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ရက်နေ့မှာလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေရဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက် က နေအိမ် အလုံး ၂၀ လောက်ကိုမီးရှို့ဖျက်စီးခဲ့ပြီးသင်းအုပ်ဆရာ တစ်ဦးကိုပါ ပစ်ခတ်ခဲ့တာကြောင့် ထန်တလန်တမြို့လုံး မြို့ကို စွန့်ခွာထွက်ပြေးသွားပြီဖြစ်ပါတယ်။စစ်ကောင်စီဘက်ကတော့ ထန်တလန်မြို့အတွင်းတိုက်ပွဲတွေဖြစ်ပွားမှုအတွက်ကိုအတည်ပြုခဲ့ပြီး သင်းအုပ်ဆရာသေဆုံးမှုနဲ့သေဆုံးပြီး၊ လက်ချောင်းကိုဖြတ်ပြီး တန်ဖိုးကြီးပစ္စည်းတွေလုယူခံရမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောကြားထားပါတယ်။တိုင်းရင်းသားဒေသတွေမှာ အခုလို အခြေအနေတွေဖြစ်ပွားနေချိန်မှာပဲစစ်ကောင်စီ ဥက္ကဋ္ဌက တိုင်းရင်းသားဒေသတွေတိုးတက်အောင်လုပ်ဆောင်မယ်လို့ပြောဆိုချက်တွေရှိလာသလို နိုင်ငံတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အရှိန်မြှင့်မယ်လို့လည်းထုတ်ပြန်ချက်တစ်စောင်ထုတ်လာပါတယ်။ဒီထုတ်ပြန်ချက်မှာတော့ ပြည်တွင်းကိုဗစ်ရောဂါထိန်းချုပ်ဖို့၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ဖို့အတွက်လာမယ့် အာက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေ ဖော်ဝါရီ ၂၈ ရက်အထိ ၅ လကြာ အပစ်ရပ်ဆိုင်းကြောင်း ပါရှိပါတယ်။ဒီလို ၅ လတာအပစ်အခတ်ရပ်စဲကြောင်းကြေညာချက်ထုတ်ခဲ့ပေမယ့်တဖက်မှာလည်း အာဏာသိမ်းပြီးတဲ့နောက်ကြားကာလအစိုးရတရပ်အနေနဲ့ ဖွဲ့စည်းခဲ့တဲ့ NUG,CRPH နဲ့ဆက်စပ်တဲ့ EAO အဖွဲ့တွေကိုအကြမ်းဖက်လုပ်ရပ်တွေလုပ်နေကြောင်း၊ နိုင်ငံတကာကဒါတွေကိုသိစေဖို့လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သလို စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ မိန့်ခွန်းမှာလည်းထည့်သွင်းပြောကြားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here