စစ်ကိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ်တချို့တွင် အင်တာနက်လိုင်းများ ပြတ်တောက်

117

စက်တင်ဘာ ၁၄၊ ၂၀၂၁ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ်တချို့တွင် ယနေ့ နေ့လယ်ပိုင်းမှစ၍ ဖုန်းအင်တာနက်လိုင်းများ အသုံးပြု၍ မရတော့ကြောင်း သိရသည်။ ယနေ့တွင် ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်းအတွင်းမှ ကနီ၊ ဘုတလင်၊ ယင်းမာပင်၊ ပုလဲ၊ အရာတော်၊ ဆားလင်းကြီး အစရှိသည့် မြို့နယ်များ ဖြစ်သည်။

“ယင်းမာပင်ဆို တခရိုင်လုံး မရတော့ဘူး။ ကျန်တဲ့မြို့တွေကျတော့ တချို့နေရာတွေရတယ်။ တချို့နေရာတွေ မရဘူး။ မိုဘိုင်းအင်တာနက် မရပေမယ့် ဖိုက်ဘာ အင်တာနက် ရတဲ့နေရာတွေလည်း ရှိတယ်” ဟု စစ်ကိုင်းအတွင်းက ဒေသခံတဦးက ပြောသည်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် မြင်းခြံမြို့တို့တွင် ယနေ့နေ့လယ် ၁၂ နာရီကျော်မှစ၍ မိုဘိုင်းအင်တာနက်များ သုံးစွဲမရတော့ကြောင်း ဒေသခံများထံက သိရသည်။

မိုးကုတ်မြို့တွင် နေထိုင်သည့် ဒေသခံတဦးက MPT နဲ့ Ooredooက နေ့လယ်ကတည်းက ၁၂ ခွဲ၊ ၁ နာရီလောက်မှာ လုံးဝ သုံးလို့မရတော့တာ။ တယ်လီနောကတော့ နောက်ဆုံးမှ ပြတ်တာ။ နေ့လယ် ၂နာရီကျော်ထိ နည်းနည်း ရသေးတယ်။ အခုက ဖိုက်ဘာလိုင်း၊ ဝိုင်ဖိုင်တွေ တပ်ထားတဲ့ အိမ်တွေက သုံးလို့ရသေးတယ်။ ဖုန်းအင်တာနက်တွေ သုံးမရတော့တာ ဟု ပြောသည်။မိုးကုတ်မြို့အတွင်းရှိ စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းတခုဖြစ်သည့်Mytel ဆက်သွယ်ရေးတာဝါတိုင် ၂ တိုင် သည်လည်း စက်တင်ဘာ ၁၀ ရက်နှင့် ၁၃ ရက်တို့တွင် ဖောက်ခွဲဖျက်ဆီးခံထားရသည်။

ထို့အတူ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်တွင်လည်း ဖုန်းအင်တာနက်လိုင်းများ ဖြတ်ခံထားရကြောင်း သိရသည်။

အဆိုပါ စစ်ကိုင်းတိုင်းအတွင်းရှိ အင်တာနက်ဖြတ်ခံထားရသည့် မြို့နယ်များမှာ စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် မြို့နယ်များ ဖြစ်ကြသလို၊ စစ်တပ်ပိုင် Mytel တာဝါတိုင် အများဆုံး ဖျက်ဆီးခံထားရသည့် မြို့နယ်များ ဖြစ်ကြသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သည်လည်း သြဂုတ် ၂၀ရက်၊ ည ၈ နာရီဝန်းကျင်မှစ၍ ယနေ့ထိ ဖုန်းအင်တာလိုင်းများ အပါအဝင် ဖိုက်ဘာလိုင်းများပါ အားလုံး ဖြတ်တောက်ခံထားရသည်။

ဖားကန့်မြို့နယ်တွင် အရပ်သားများအသုံးပြုသည့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသော်လည်း စစ်ကောင်စီ တပ်များ အခြေစိုက်ထားသည့် စခန်းများတွင် အင်တာနက်သုံးစွဲ၍ ရနေကြောင်း စုံစမ်းသိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here