စက်သုံးဆီချွေတာရေးအတွက် ပြည်သူများ မီးရထားနဲ့ဘက်စ်ကား အသုံးပြုပြီး ခရီးသွားလာကြဖို့ စစ်ကောင်စီဥက္ကဌတိုက်တွန်း

102

စက်သုံးဆီချွေတာရေးအတွက် ပြည်သူများအနေနဲ့ မီးရထားနဲ့ဘက်စ်ကား အသုံးပြုပြီး ခရီးသွားလာကြဖို့ကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားပါတယ်။

စစ်ကောင်စီရဲ့ (၉)လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ ၎င်းက ယခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အဓိက ကျွန်တော်ဆိုလိုချင်တာကတော့ စက်သုံးဆီနဲ့ ပတ်သက်ပြီးတော့ အတတ်နိုင်ဆုံး ခြိုးခြံချွေတာသုံးစွဲဖို့ မေတ္တာရပ်ခံ လိုပါတယ်။ အထူးသဖြင့် သွားလာရေးနဲ့ ပတ်သက်လို့ ရှိရင် Public Transportation ဖြစ်တဲ့ မီးရထား၊ ဘက်စ်ကား၊ မြို့ပတ်ရထား၊ ဒါတွေကို အဓိကထား သုံးစွဲမယ်ဆိုလို့ရှိရင် ပိုပြီးတော့ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအနေနဲ့ ရထားနဲ့ ဘက်စ်ကား အသုံးပြုပြီးတော့ ခရီးသွားလာခြင်းကို အားပေးကြဖို့ ကျွန်တော် မေတ္တာရပ်ခံ လိုပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ယင်းအပြင် စားသုံးဆီနဲ့ပတ်သက်ပြီးလည်း ပြည်တွင်းမှာ ဆီစားသုံးမှု မြင့်တက်နေပြီး ပြည်ပကနေ တင်သွင်းတဲ့ ပမာဏမှာ ယခင်ကထက် ပိုမိုများလာတာကြောင့် တစ်ဦးချင်း ဆီစားသုံးမှုကိုပါ လျော့ချဖို့ ၎င်းက တိုက်တွန်းပြောကြားပါတယ်။

“ ဆီ ၂ ဆီကိုလည်း ထိုက်သင့်တဲ့ပမာဏ လျှော့ချပြီးတော့မှ သုံးစွဲမယ်ဆိုလို့ရှိရင် အခုလာမယ့် အောက်တိုဘာကနေပြီးတော့မှ မတ်လထိလုပ်မယ့် mini budget အတွင်းမှာလည်း ကုန်သွယ်မှု ပိုငွေ ရရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာ ဒီဇယ်နဲ့ ဓာတ်ဆီ တင်သွင်းရမှုမှာ အားလုံးပေါင်း တန်ဖိုးအားဖြင့် ဒေါ်လာ ၂.၁၂၉ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။ စားအုန်းဆီမှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာပဲ တန်ချိန် ၈ သိန်းကျော်သွင်းခဲ့ရပြီးတော့မှ ၈၂၆ သန်းဖိုး သွင်းခဲ့ရတယ်လို့ အဆိုပါ မိန့်ခွန်းမှ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here