ဂန့်ဂေါ-ကလေး ကားလမ်းမှာ ကုန်စည်ပို့ဆောင်ရေး ကားသမားတွေ ဒါဇင်ဝက်နီးပါး ပျောက်ဆုံးနေ

195

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ဂန့်ဂေါ-ကလေး ကားလမ်းမှာ ကုန်စည်ပို့ဆောင်နေတဲ့ ကားသမားတွေ ပျောက်ဆုံးတာ များလာနေတယ်လို့ ပျောက်ဆုံးနေတဲ့ ကားသမားတွေရဲ့ မိသားစုအသိုင်းအဝိုင်းတွေက ပြောပါတယ်။အဲ့ဒီလို ဆက်သွယ်မရဘဲပျောက်ဆုံးနေတဲ့ ကာယကံရှင်း ကားသမား မိသားစုဝင်တယောက်က” ကလေးမြို့ဘက်ကို တွဲကားနဲ့ ကတ္တရာပေပါသွားပို့တာ ၊ ဂန့်ဂေါ ကလေးကြား မွှေ့လယ်ရွာနားက မီးလောင်ထားတဲ့ ၁၂ ဘီးကားကို တိမ်းရှောင်ရင်း သူတို့ကားက မှောက်သွားတယ် ၊ အဲ့ဒါက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ဖြစ်တာ ၊ အက်စီးဒင့်ဖြစ်တုန်းက ဖုန်းဆက်သွယ်ရသေးတယ်၊ အဲ့ဒီနောက် ဆက်သွယ်မရဘဲ ပျောက်ဆုံးနေတာ၊ လ တဝက်နီးပါးရှိနေပြီ ” လို့ ပြောပါတယ်။

ရန်ကုန်ကနေ ကလေးမြို့ဘက်ကို လမ်းခင်းတဲ့ ကတ္တရာပေပါတွေကို သယ်ယူပို့ဆောင်လာတဲ့ တွဲကားမောင်းသူဟာ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်က ယာဉ်မောင်း ကိုဇော်မိုးဦးနဲ့ ယာဉ်နောက်လိုက် ကိုမင်းခန့် ဆိုတဲ့ ကားသမား ၂ ယောက် ပျောက်ဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် မုံရွာ-ကလေး-တမူး ကုန်စည်ပို့ဆောင်ရေး ကားသမား ဒါဇင်ဝက်လောက်ဟာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလထဲက ကလေးမြို့နယ်၊ မှန်တောရွာနဲ့ ဆည်တောရွာ အကြား ဂန့်ဂေါ-ကလေး ကားလမ်းမှာ ဆက်သွယ်မရဘဲ ဒီကနေ့အထိ ပျောက်ဆုံးနေတာတွေရှိတယ်လို့ ကုန်ကားသမား အသိုင်းအဝိုင်းက ပြောပါတယ်။အဲ့ဒီ ကားသမားတွေ ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ ဘာကြောင့် ပျောက်ဆုံးနေရတယ်ဆိုတာ ကာယကံရှင် မိသားစုတွေကိုယ်တိုင်က မသိရသေးသလို အဖမ်းခံရတာနဲ့ အသတ်ခံရတာ တခုခုဖြစ်နိုင်တယ်လို့ အဲ့ဒီကားသမားတွေနဲ့ နီးစပ်သူတွေက ထင်ကြေးပေး ပြောဆိုနေတာတွေလည်း ရှိပါတယ်။

မုံရွာ-ပုလဲ-ဂန့်ဂေါ ကလေး ကားလမ်းမှာ မီးလောင်ပျက်စီးနေတဲ့ ကုန်တင်ကားတွေ ၊ အိမ်စီးကားတွေအပြင် ဆိုင်ကယ်တွေကိုပါ မြင်တွေ့ခဲ့ရပြီး ဘာကြောင့် အဲ့ဒီလို မီးလောင်ပျက်စီးနေရတာလည်းဆိုတာ မသိသေးဘူးလို့ မုံရွာ-ကလေး ကားသမားတွေက ပြောပါတယ်။” ကလေး-ဂန့်ဂေါ-ပုလဲ အကြား ကားလမ်းမှာ ယာဉ်ပျက်တွေ တွေ့ရတယ် ၊ တကယ့် အနိတ္ထာရုံမြင်ကွင်းတွေပါ ၊ အဲ့ဒီ ပျက်စီးနေတဲ့ ယာဉ်တွေနဲ့ ပတ်သက်ပြီး ကားသမားတွေ သေဆုံးတာ ပျောက်ဆုံးတာတွေ ရှိတယ်လို့ ရပ်နားစခန်း ထမင်းဆိုင်တွေက ပြောတယ် ၊ ဖြစ်နိုင်ရင်တော့ အခုချိန်မှာ အဲ့ဒီ လမ်းကြောင်းကို ရှောင်တာ ကောင်းတယ် ” လို့ မုံရွာမြို့ခံ ကားသမားတယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် မုံရွာ ၊ ကလေး၊ တမူး၊ ချင်းတောင် ဘက်ကိုသွားလာနေတဲ့ ကားသမားတွေဟာ မုံရွာ-ပုလဲ -ဂန့်ဂေါ-ကလေး ကားလမ်းကြောင်းကို သွားလာတာ မလုပ်တော့ဘဲ မိုးရာသီမှာ သွားလာဖို့ခက်ခဲတဲ့ မုံရွာ-ရေဦး-တန့်ဆည်-ကလေးဝ မဟာမြိုင်ကားလမ်းကြောင်းကို အခက်အခဲကြားက ပြောင်းလဲသွားလာနေကြရတာဖြစ်ပါတယ်။အဲ့ဒီ မဟာမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၄၂ ဝန်းကျင်မှာ အခုလ ၈ ရက်နေ့က မိုးရွာသွန်းမှုများပြီး တောဂျင် ဗွက်တန်းမှာ ကားအစီးရေ ၁၅၀ခန့် သွားလာမရ ပိတ်မိနေတာတွေ ဖြစ်ခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here